စု လွှတ်ပြီး တနှစ်အကြာ One year after Suu's release [By Yangon PressInternational ]

0

အခုလက်ရှိ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တာ ၁ နှစ်ရှိပါပြီ။ တစ်နှစ် မပြည့်မီ ၁၀ လ၀န်းကျင်မှာ သမ္မတဖြစ်သူ ဦးသိန်းစိန်နဲံ့ ဒေါ်အောင်ဆန်းစုကြည်တို့ တကြိမ် တွေ့ဆုံခဲ့ပါပြီ။ သို့ပေမယ့် ဘာတွေဆွေးနွေးတယ်၊ ဘယ်လိုပူးပေါင်းလုပ်ဆောင်မယ် ဆိုတာတွေကိုတော့ တိတိကျကျ မထုတ်ပြန်သေးပါဘူး။ ဒီအခြေအနေကို အားမရတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ လှုပ်ရှားသူတွေက တွေ့ဆုံရုံ သက်သက်ထက် ရလဒ်ထွက်ဖို့ကလည်း အရေးကြီးတယ်လို့ ဆိုကြတာပါ။
နိုဝင်ဘာ ၁၄၊ ၂၀၁၁ (YPI)
ယမန်နေ့ နိုဝင်ဘာ ၁၃ ရက်နေ့ဟာဆိုရင် အမျိုးသားဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်းဆန်းစုကြည် နေအိမ် အကျယ်ချုပ်ကနေ လွတ်မြောက်လာခဲ့တာ တစ်နှစ်တိတိပြည့်တဲ့နေ့ပါ။
နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတဲ့ အချိန်ကစလို့ ဒီကနေ့အထိ ရက်ပေါင်း ၃၆၅ ရက်၊ နာရီပေါင်း ၈,၇၆၀ ကျော်အတွင်းမှာ ဒေါ်အောင်ဆန်းစုကြည် တိုင်းပြည်ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်လာတဲ့အပိုင်းမှာ တိုးတက်မှုအချို့ရှိခဲ့တယ်လို့ သုံးသပ်ကြတာတွေရှိသလို တိုးတက်မှု မရှိဘူးလို့ ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ကာယကံရှင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကတော့ တစ်နှစ်အတွင်းမှာ သမ္မတကြီးဦးသိန်းစိန်၊ ပြည်ထောင်စု ၀န်ကြီး ဦးအောင်ကြည်တို့နဲ့ တွေ့ဆုံမှု ရလာဒ်အရ အပြောင်းအလဲတွေ ရှိခဲ့ပါတယ်လို့ ဒီကနေ့ အမျိုးသားဒီမိုက ရေစီအဖွဲ့ချုပ် (NLD) ရုံးချုပ်မှာ ကျင်းပပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းပွဲမှာ ထည့်သွင်းပြောဆိုသွားခဲ့ပါတယ်။
နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာတဲ့ တစ်နှစ်ပြည့် အခမ်းအနားကို စည်စည်ကားကား ကျင်းပခွင့်ရလိုက်ခြင်းသည်ပင် တိုးတက်မှုတစ်ခုဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဆိုပါတယ်။
လွတ်မြောက်ပြီး တစ်နှစ်ပြည့် အထိမ်းအမှတ် သတင်းစာရှင်းလင်းပွဲ (ဓါတ်ပုံ အန်အယ်လ်ဒီ )
အကောင်းမြင်ခြင်းလား သို့မဟုတ် အရှိအတိုင်းမြင်ခြင်းလား
ဒေါ်အောင်ဆန်းစုကြည်ရဲ့ တစ်နှစ်တာ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ အောင်မြင်တိုးတက်မှုတွေရှိခဲ့တယ်လို့ သုံးသပ်ကြသူတွေအထဲမှာ တစ်ယောက်ဖြစ်တဲ့ စာရေးဆရာ မောင်ဝံသက “နိုင်ငံတော်သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံတာ၊ ပြည်ထောင်စုဝန်ကြီးနဲ့ လေးကြိမ်တွေ့ဆုံခြင်းတွေဟာ တစ်နှစ်အတွင်း တိုးတက်မှုလက္ခဏာတွေပဲ ” လို့ ပြောပြပါတယ်။
အန်အယ်ဒီအနေနဲ့ မှတ်ပုံတင်မယ့်အလားအလာ၊ ရွေးကောက်ပွဲဝင်မယ့်အလားအလာတွေ မြင်တွေ့နေရတာ ဟာလည်း တစ်နှစ်အတွင်းမှာ တိုးတက်လာတဲ့ နိုင်ငံရေး အခြေအနေကြောင့်လို့ မောင်ဝံသက ဆိုပါတယ်။
အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံဆွေးနွေးရေး လုပ်ဆောင်နေတာဟာ နှစ်ပေါင်းများစွာ တောင်းဆိုခဲ့ကြ တဲ့အရာဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့ တစ်နှစ်အတွင်းမှာ ဆွေးနွေးပွဲတွေ လုပ်ဆောင်နေတာဟာ တိုးတက်မှုရလဒ်အဖြစ်ရှုမြင်နေကြချိန်မှာ အဆိုပါ ဆွေးနွေးပွဲတွေကနေ လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ ရလဒ်တွေ မတွေ့မြင်ရသေးလို့ ဒါဟာ တိုးတက်မှုအဖြစ် မရှုမြင်နိုင်ဘူးလို့ တချို့က ဝေဖန်သုံးသပ်ကြတာတွေလည်းရှိပါတယ်။
လွန်ခဲ့တဲ့ နှစ်ကျော်ဝန်းကျင်ကာလ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင် လွတ်လာပြီးနောက် စု-လွှတ်-တွေ့ ဆိုတဲ့ နိုင်ငံရေး လိုလားချက်ကို တောင်းဆိုခဲ့ပါတယ်။ စု-လွှတ်-တွေ့ ဆိုတာရဲ့ အဓိပ္ပါယ်ကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ဖို့ လွှတ်ပြီးရင် အစိုးရက တွေ့ဆုံဆွေးနွေးဖို့ ဆိုတဲ့ အဓိပ္ပါယ်ပါ။
အခုလက်ရှိ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တာ ၁ နှစ်ရှိပါပြီ။ တစ်နှစ် မပြည့်မီ ၁၀ လ၀န်းကျင်မှာ သမ္မတဖြစ်သူ ဦးသိန်းစိန်နဲံ့ ဒေါ်အောင်ဆန်းစုကြည်တို့ တကြိမ် တွေ့ဆုံခဲ့ပါပြီ။ သို့ပေမယ့် ဘာတွေဆွေးနွေးတယ်၊ ဘယ်လိုပူးပေါင်းလုပ်ဆောင်မယ် ဆိုတာတွေကိုတော့ တိတိကျကျ မထုတ်ပြန်သေးပါဘူး။ ဒီအခြေအနေကို အားမရတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ လှုပ်ရှားသူတွေက တွေ့ဆုံရုံ သက်သက်ထက် ရလဒ်ထွက်ဖို့ကလည်း အရေးကြီးတယ်လို့ ဆိုကြတာပါ။
တွေ့ဆုံရုံ သက်သက်နဲ့ မထူး
“သမတကြီးနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးတာဟာ ဒါလုပ်ငန်းတစ်ခုပဲ။ အလုပ်တစ်ခုလုပ်တယ် လို့ပဲပြောချင်တယ်” လို့ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကတော့ သူ့ရဲ့အမြင်ကို ပြောပါတယ်။
“(ဒါ) ပြောင်းလဲမှုတိုးတက်မှုရှိပြီလို့ ကျနော် မပြောချင်ဘူး” လို့ ဦးဝင်းတင်က သုံးသပ်ပါတယ်။
တွေ့ဆုံဆွေးနွေးရေးလုပ်ရာမှာ ဘာတွေဆွေးနွေးခဲ့တယ် ဆိုတာကို ပြည်သူကို သိခွင့်မပေးတဲ့အပေါ်မှာ အားမလိုအားမရ ဖြစ်နေကြတာတွေလည်းရှိကြပါတယ်။
“ပြည်သူတွေမှာ သိခွင့်ရှိတယ်လို့ထင်တယ် ဘာတွေဆွေးနွေး နေကြတယ်ဆိုတာ။ ဒါမှ ကျနော်တို့ရဲ့ အမြင်တွေကိုလည်း ပြောခွင့်ရှိမှာပေါ့” လို့ အငှားယာဉ်မောင်း ကိုစိုးမိုးက ဆိုပါတယ်။
ပြည်ပအခြေစိုက် ၈၈ မျိုးဆက် ကျောင်းသားများထဲက တစ်ဦးဖြစ်တဲ့ ကိုညီညီအောင်ကတော့ ဒေါ်အောင်ဆန်း စုကြည် ဦးသိန်းစိန်နဲ့ တွေ့ဆုံတာ၊ ဦးအောင်ကြည်နဲ့ တွေ့ဆုံတဲ့ ကိစ္စတွေမှာ လူထုတစ်ရပ်လုံး ရှင်းရှင်းလင်း လင်း သိရှိနားလည်အောင် တင်ပြခြင်း “လုံးဝမရှိသေးခြင်း” ဟာ အလွန်မှ စဉ်းစားစရာဖြစ်တယ်လို့ ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်တဲ့ နောက်နေ့ ပါတီရုံးချုပ်မှာ လူထုကို မိန့်ခွန်းပြောရာမှာ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးအတွက် သူမတစ်ဦးတည်းလုပ်ဆောင်လို့မရဘဲ ပြည်သူလူထုတစ်ရပ်လုံးပါဝင်မှ သာ ရလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။ သို့သော်လည်း အဘယ်ပုံ ပါဝင်ရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း မပြောပြ ခဲ့တဲ့အပေါ်မှာလည်း ဝေဖန်မှုတွေရှိနေပါတယ်။
ပြည်သူတစ်ရပ်လုံးရဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာတာ တစ်နှစ်ပြည့်ပေမယ့်လည်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတာတွေ၊ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေကို ဆက်လက်ထိန်းသိမ်းနေတာတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်လက်ရှိ နေတာတွေကို ကြည့်ရင် ထင်သာမြင်သာတဲ့ အနေအထား တစ်ခုအထိရောက်အောင် မစွမ်းဆောင်နိုင်သေးဘူး လို့ ဝေဖန်ကြသူတွေလည်းရှိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းရေးရအောင်လုပ်ဆောင်ဖို့၊ အပစ်အခတ်ရပ်စဲဖို့ သမ္မတဦးသိန်းစိန်ကို စာပို့ပြီး မေတ္တာရပ်ခံထားတယ်လို့တော့ဆိုပါတယ်။ ဒါပေမဲ့လည်း တိုက်ပွဲတွေကတော့ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပါတယ်။
“ယနေ့ အာဏာရှင်နဲ ဒေါ်စု ယုံကြည်မှုတည်ဆောက်ချိန်မှာ တိုင်းရင်းသားဒေသတွေမှာ အုပ်ချုပ်သူတွေရဲ့ အမိန့်နဲ့ ထိုးစစ်တွေရှိနေတယ်...ဘာလဲ ဒေါ်စုအပေါ် တိုင်းရင်းသားတွေရဲ့ ယုံကြည်ကိုယ်စားမှုကို ပျက်ပြားအောင် ဖန်းတီးတာလား” လို့ ကိုညီညီအောင်က မေးခွန်းထုတ်ပါတယ်။
“ဒါမျိုးဖြစ်နေတယ်ဆိုရင် သေချာတာကတော့ ဒေါ်စု ပြတ်ပြတ်သားသား ရပ်တည်ပြီး ပြောပြ-ရှင်းပြဖို့လိုနေပြီ” လို့ ကိုညီညီအောင်က ဆိုပါတယ်။
End//
အခုလက်ရှိ ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးခဲ့တာ ၁ နှစ်ရှိပါပြီ။ တစ်နှစ် မပြည့်မီ ၁၀ လ၀န်းကျင်မှာ သမ္မတဖြစ်သူ ဦးသိန်းစိန်နဲံ့ ဒေါ်အောင်ဆန်းစုကြည်တို့ တကြိမ် တွေ့ဆုံခဲ့ပါပြီ။ သို့ပေမယ့် ဘာတွေဆွေးနွေးတယ်၊ ဘယ်လိုပူးပေါင်းလုပ်ဆောင်မယ် ဆိုတာတွေကိုတော့ တိတိကျကျ မထုတ်ပြန်သေးပါဘူး။ ဒီအခြေအနေကို အားမရတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေ လှုပ်ရှားသူတွေက တွေ့ဆုံရုံ သက်သက်ထက် ရလဒ်ထွက်ဖို့ကလည်း အရေးကြီးတယ်လို့ဆိုကြတာပါ။http://8888newgenerations.blogspot.com/မှ ကူးယူတင်ထားပါသည်

No Response to "စု လွှတ်ပြီး တနှစ်အကြာ One year after Suu's release [By Yangon PressInternational ]"

Send en kommentar

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းပါတယ်။