ထာဝရငြိမ်းချမ်းရေးဆီသို့ . .

0
w78_10
စစ်နှင့် ငြိမ်းချမ်းရေးသည် ဒွန်တွဲနေသော အရာများဖြစ်သည်။ တည်နေရာကား အတူတူပင်ဖြစ်၏။ သို့သော် ဦးတည်ချက်ကားမတူ စစ်သည်မီးနှင့် တူ၏။ လောင်ကျွမ်း၏။ ပူလောင်၏။ ဖျက်ဆီးတတ်သည့် လက္ခဏာရှိ၏။ စစ်၏ကိုယ်ထည်သည် အတ္တကိုအားပေးသည်။ အတ္တ လွန်ကဲသူ မိမိအကျိုးစီးပွား ရှေ့တန်းတင်သူများသည် စစ်ကိုဖန်တီးကြ၏။ စစ်ပွဲများဆင်နွှဲကြသည်။ ငြိမ်းချမ်းရေးသည် စစ်နှင့်ဆန့်ကျင်ဘက် ဦးတည်ချက်တို့ ရှေ့ရှု သည်။ သီတာရေစင်နှင့် တူ၏။ အမြဲတမ်း လုံခြုံစိတ်ချမှုရှိသဖြင့် လူတိုင်းနှစ်သက်မြတ်နိုးပြီး တောင့်တမျှော်မှန်းကြသည်။ စစ်သည် အနိဋ္ဌာရုံ၊ ငြိမ်းချမ်းရေးသည် က္ကုဌာရုံ၊ စစ်၏အနာဂတ်မှာ မှေးမှိန်မှုန်ဝါး၍ အကျည်းတန် ရုပ်ဆိုးသည်။ ငြိမ်းချမ်းရေးအနာဂတ်မှာ မျှော်လင့်ချက်အလင်းရောင်ဖြင့် တောက်ပလှပလျှက်ရှိသည်။ အပြုသဘော အဖျက်သဘောလက္ခဏာ အသီးသီး ဆောင်ပါသည်။  
တစ်ခုသော ညနေခင်းကျောင်းဆင်းချိန်တွင် တိုက်ပွဲ၌ ကျဆုံးသွားသော တပ်မတော်စစ်သည် လေးဦး၏  အသုဘအခမ်းအနားသို့ လိုက်ပါပို့ဆောင်ရန် မိမိတို့၏ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအုပ်ဆရာကြီးက ညွှန်ကြားပါသည်။ စစ်အခမ်းအနားဖြင့် သဂြိုဟ်မည်ဖြစ်၍ တစ် ကြိမ်တစ်ခါမျှ တွေ့ဖူးခြင်းမရှိပါ။ ထိုအချိန် မိမိတို့မြို့မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင်တည်ရှိပြီး နေရာအနှံ့ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်။ တပ်မတော်သားစစ်သည် လေးဦး၏ ရုပ်လောင်းကို နိုင်ငံတော် အလံလွှမ်းခြုံထားပါသည်။ဘေးတစ် ဖက်တစ်ချက်တွင် ကျန်တပ်ခွဲတစ်စုမှ စစ်သည်များ စစ်ဝတ်စုံအပြည့်အစုံဖြင့် တန်းစီနေရာယူထားကြသည်။ 
မိုးဦးကာလဖြစ်၍ မိုးရေစက်တို့က တဖျောက်ဖျောက်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည်။ ကြေကွဲဖွယ်ရာကောင်းသော စစ်ခရာသံက ကျွန်တော်တို့၏ နှလုံးသား အတွင်းသို့ ထိုးဖောက်ဝင်ရောက် လာသည်။ သေနတ်ပစ်ဖောက်အလေးပြု၍ တစ်ဆက်တည်းမှာပင် သင်သွားလိုရာသွားနိုင်ပြီဟူသော အမိန့်ပြန်တမ်းကို ဖတ်ကြားနေသည့် စစ်သည်တပ်ကြပ်ကြီး၏ အသံမှာ ဆို့နင်ကြေကွဲဖွယ်ရာဖြစ်သည်။ မိမိတို့၏ ပါးပြင်ပေါ်ဝယ် မဖိတ်မခေါ်ဘဲလျှက် ရောက်ရှိလာသော မျက်ရည်စက်များသည် ပြင်ပမိုးရေစက်တို့နှင့်အပြိုင် စီးကျနေပါသည်။
ကျဆုံးသွားသည့် စစ်သည်တစ်ဦး၏ နာမည်မှာ ကဗျာမဆန်လွယ်ကူ၍ ယနေ့တိုင် မှတ်မိနေသည်။ ရဲဘော် ပြာငွေသင်သွားလိုရာ သွားနိုင်ပြီဟူသော အမိန့်ပြန်တမ်းကို တစ်ဦးတည်းစိတ်ထဲတွင် ရေရွတ်နေမိသည်။
နောက်တစ်နေ့မနက် ဆေးရုံကြီးရင်ခွဲရုံရှေ့တွင်ရှိနေသော တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းမှ အလောင်းများကို သွားရောက်ကြည့်ခဲ့သည်။ မျက်နှာတွင်သွေးမရှိ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ဆေးရုံကြီး၏ နံရံတွင် ကပ်လျှက်ထောင်ထားသည့် ဖရိုဖရဲသနားမည့်သူမရှိ အဖက်လုပ် ဂရုစိုက်သူမရှိနှင့် မကြာမီအဖော်မဲ့စွာဖြင့် သုသာန်တွင် မြေမြုပ်သင်္ဂြိုဟ်ခံရပေတော့မည်။
မိမိတို့ကလေးများပီပီ မျက်ရည်ကျ၊ ၀မ်းနည်းပူဆွေးခဲ့ကြသည်။ ကျဆုံးသွားသော နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများမှ မိဘဆွေမျိုးသား မယားများဆိုလျှင် အတိုင်းအဆမရှိ ပူဆွေးသောက ရောက်ရှိနေမှာ အသေအချာပင်ဖြစ်သည်။ အငြိုးအ တေး အထောက်ရန်ငြိုးရန်စမရှိ တစ်ယောက်နှင့်တစ်ယောက် တစ်ခါမျှပင် တွေ့မြင်ခြင်းမရှိဘဲ သဲကြီးမဲကြီး မညှာမတာ ရက်ရက်စက်စက်သတ် ဖြတ်နေကြသည်မှာ ရင်နင့်ဖွယ်ဖြစ် သည်။ အကြောင်းတရားရှိရပေမည်။ ဤသည်မှာ ဘ၀တွင် ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသော ပြည်တွင်းစစ်ကြီး ၏ မနှစ်မြို့ဖွယ်ရာ အနိဋ္ဌာရုံမြင်ကွင်းဖြစ်သည်။တစ်ချိန်က ရန်ကုန်မြို့လယ် ရုပ်ရှင်ရုံတစ်ရုံ၌ ပြသခဲ့သော ဂျပန်သတင်းထောက်တစ်ဦး၏ ကိုယ်တိုင်ကိုယ်ကျ ဗီယက်နမ်စစ်မြေပြင်သို့ သွားရောက်ပြီး သတင်းမှတ်တမ်းများရိုက်ကူး၍ စုစည်းတင်ပြထားသော (Blood, Tear and grave)သွေးမျက်ရည်သင်္ချိုင်းဟူသော စစ်သတင်း မှတ်တမ်းရုပ်ရှင်ကားကို ကြည့်ရှုခဲ့ပါသည်။
ဗီယက်နမ် လူမျိုးတို့၏ ရိုးရာ ထုံးစံအတိုင်း ဘဲဥအမွှေးတိုင် စားသောက်ဖွယ်ရာများနှင့်အတူ မိမိတို့၏ သေဆုံးသွားသော လင်ယောက်ျားများ၊ သားတော်မောင်များ မြှုပ်နှံထားသော မြေကမူများပေါ်တွင် သွားရောက်ဆုတောင်း ငိုကြွေးနေကြသော မုဆိုးမများ၊ မိဘညီအစ်ကို မောင်နှမများနှင့် ဗိယက်ကောင်ဟု ယူဆရသောသူများကို လူမြင်ကွင်းတွင် ပစ်သတ် သုတ်သင်နေပုံများ၊ မှောင်ခိုဈေးကွက်ကြီးအတွင်း အရောင်းအ၀ယ် ပြုလုပ်နေပုံများ၊ ည ကလပ်များတွင် ပျော်ပါးစားသောက်နေသော ကြေးရတတ် လူရည်လည် လူတန်းစားပျက်များစသည့် ရှုထောင့် အသီးသီးမှ စစ်၏အနိဋ္ဌာရုံများကို တင်ပြသွားသည်မှာ အသွင်အပြင်အားဖြင့် မတူညီသော်လည်း အနှစ်သာရအားဖြင့် မိမိတို့တိုင်းပြည်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးကဲ့သို့ သွေးမျက်ရည်သင်္ချိုင်းတို့သည်ထပ်တူ လျှက်ရှိပါသည်။
ငြိမ်းချမ်းရေး၏ အစွန်းတစ်ဖက်ဖြစ်သော စစ်၊ စစ်ပွဲ၊ စစ်အတတ်ပညာ၊ စစ်ဝါဒ၊ စစ်ဝါဒီ၊ စစ်အုပ်ချုပ် ရေးစသည့် စစ်နှင့်ပတ်သက်သော စကားလုံးတို့သည် နေ့စဉ်ကြားသိနေရသော စစ်ရေးဝေါဟာရများဖြစ်သည်။ စစ်၊ စစ်ပွဲဟူသေည် ပဋိပက္ခ ပြဿနာတစ်ရပ်ကို အကြမ်းဖက် လက်နက်စွဲကိုင်၍ ဖြေရှင်းသည့်နည်းဖြစ်သည်။ ကျူးကျော်စစ်၊ ခုခံစစ်၊ တရားသောစစ်၊ မတရားသောစစ် ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ ထိုးစစ်ခံစစ်၊ တန်ပြန်တိုက်စစ်၊ ခံစစ်ရှင်၊ လျှပ်တပြက် ထိုးစစ်၊ ပြောက်ကျားစစ်ဆိုသည်တို့မှာ သေနင်္ဂဗျူ ဟာ စစ်အတတ်ပညာများဖြစ်သည်။

ငြိမ်းချမ်းရေးမပါရှိသော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများသည် တက်မပါသော လှေကိုလက်ဖြင့်ယက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ မှန်ကန်သော ထင်သာမြင်သာရိုးသားဖြူစင်သည့် ပြောင်းလဲမှုများသည်သာ လက်တွေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ပေါ်အောင် ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်  . . .
မိမိတို့နားရည်ဝနေသော မြင်းစီး၊ ဆင်စီး၊ ဓားခုတ်၊ လှံထိုး အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်မှာ စစ်ပညာ၏ အစိတ်အပိုင်းများဖြစ်သည်။ စစ်ပညာသည် မိမိကိုယ်ကိုခုခံကာကွယ်ရန်အတွက် သင်ကြားတတ်မြောက်အပ်သော အတတ်ပညာဖြစ်သည်။  စစ်ပညာအတတ်ကို ကျွမ်းကျင်သင်ကြားတတ်သောသူများ၊ စုစည်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ရပ်ကို စစ်တပ်ဟူ၍ ခေါ်ဆိုသည့်အပြင် (Profession) အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ ဆရာဝန်သည် မိမိကျွမ်းကျင်သည့် ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသကဲ့သို့ စစ်အတတ်ပညာကျွမ်းကျင်သူများကလည်း မိမိတတ်ကျွမ်းသည့် စစ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ဖြစ်ကြ သည်။ စစ် ပညာ၏ အခြေခံသဘာဝများမှာ ကျူးကျော်စော်ကား ညှဉ်းပန်းနှိပ်စက်ရန်မဟုတ်ဘဲ ခုခံကာကွယ်ရေး သဘောသက်သက်သာ ဖြစ်သည်။အစဉ်အမြဲ သတိရှိရှိ ကာကွယ်နိုင်ရန်အတွက် အမြဲတမ်း ကာကွယ်ရေး တပ်မတော်များ (Regular Army)ဖွဲ့စည်း ထားရှိပါသည်။ သို့ရာတွင် တကယ်လက်တွေ့ စစ်ပွဲကြီးများတွင် အရေးပါသော ပြည်သူများက အရန်တပ်မတော် (Volun Teer) အပျော်တမ်းတပ်သားများအဖြစ် ပါဝင်ဆင်နွှဲ ပါသည်။ လက်နက်ရိက္ခာ ထောက်ပံ့ပေးနေသော ပြည်သူများ၏ အသက်စည်းစိမ်တို့ကို စောင့်ရှောက်ကာကွယ်ရန် ရည် ရွယ်ဖွဲ့စည်ခြင်း ဖြစ်သည်။
လက်နက်ကိုင်ဆောင်ထားသော အဖွဲ့အစည်းး ဖြစ်၍ အမိန့်ပေးစနစ်ဖြင့် စည်းကမ်းတကျ အုပ်ချုပ်စီမံရသည့်အပြင် စစ်တပ်၏ အခြေခံအချက်မှာ အမိန့်ကို နာခံခြင်းဖြစ်သည်။ ပြည်သူများ၏ အမိန့်ကို ဦးတည်ထမ်းရွက်ရမည်ဖြစ်ပါသည်။ သို့မှသာ (Professional) ပီသသော တပ်မတော်ကြီးတစ်ရပ် ဖြစ်လာပေမည်။ နိုင်ငံတော်ကို ကာကွယ်ရန်ဆိုသည်မှာ လူတစ်စုကို ကာကွယ်ရန်အတွက် အာဏာရှင်များသုံးစွဲခဲ့သော စကားလုံးဖြစ်သည်။ အမှန်စင်စစ်ပြည်သူ၏ အသက်စည်းစိမ်များနှင့် သတ်မှတ်ထားသော နိုင်ငံ၏ နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်ခြင်းသာ ဖြစ်သည်။
တစ်ဆက်တည်း စစ်ဝါဒီ၊ စစ်ဝါဒ၊စစ်အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြီးတို့သည် စစ်ဝါဒကို အကောင်အထည်ဖော်သည့် စစ်ဝါဒီများကို ကမ္ဘာပြည်သူများက စည်းလုံးညီညွတ်စွာ ခုခံ တိုက်ခိုက်ခဲ့သည့် စစ်ပွဲကြီးများသာ ဖြစ်သည်။ ကာကွယ်ရေး တပ်မတော်ကြီးတစ်ခုလုံးကို မိမိတစ်ဦးတည်းလက်ဝယ် ကြီးအုပ်သိမ်းပိုက်၍ ခုံသမာဓိလူကြီးမင်း ကယ်တင်ရှင်များသဖွယ် တိုင်းပြည်ကို အမိန့်ပေးစနစ်ဖြင့် တရားဥပဒေကင်းမဲ့စွာ အုပ်ချုပ်သော စနစ်ကို စစ်ဝါဒဟူ၍ ခေါ်နိုင်ပါသည်။  တစ်ပါတီအာဏာရှင်နိုင်ငံများတွင် ပါတီသာအမိ၊ ပါတီသာအဖ စစ်တပ် ပုံစံအတိုင်းအဖွဲ့ထားပြီး အမိန့်ပေးစ နစ်တစ်နည်းအားဖြင့် ဗဟိုဦးစီးချုပ် ကိုင်မှုဖြင့် အုပ်ချုပ်နေသော စနစ်ဖြစ် သည်။ စစ်အေးကာလတစ်လျောက် လုံးတွင် မဖွံ့ဖြိုးသေးသော နိုင်ငံငယ် အများအပြားတွင် (Army's coup) စစ်အာဏာသိမ်းပွဲများ ဖြစ်ပေါ်ခဲ့သည်။ စစ်အာဏာသိမ်းပြီးသော နိုင်ငံများတွင် အမှောင်ခေတ်သို့ ရောက်ရှိသွားပြီး ဆင်းရဲမွဲတေမှုများ ညှဉ်းပန်းနှိပ်စက်မှုများ၊ အနိဋ္ဌာရုံများဖြင့် ပြည့်လျှံနေကြသည်။ 
ပြည်တွင်းစစ်(Civil war)ကို အထူးဖော်ပြရေးသားလိုပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ပြည်တွင်းစစ်ကြီးမှာ နာတာရှည် လူမမာကြီးဖြစ်နေသည်။ လွတ်လပ်ရေးရပြီးသည်မှ ယနေ့အထိ အဆက်မပြတ် ဖြစ်လျှက်ရှိသည်။ အိမ်နီးချင်း အာဆီယံနိုင်ငံများတွင် ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းများ မရှိသလောက်ဖြစ်နေ၍ တိုင်းပြည်ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်လျှက်ရှိ ကြသည်။ မိမိတို့သမိုင်းတွင် ရှည်ကြာစွာဖြစ်ပွားခဲ့သော ပဲခူး-ဟံသာဝတီနှစ် လေးဆယ်စစ်ပွဲနှင့်အခြား ပဒေသရာဇ်မင်းများအချင်းချင်း နယ်မြေလု အင်အားပြိုင်စစ်ပွဲများကို လေ့လာနိုင်ပါသည်။ လက်နက်နိုင်ငံတော်ကြီးတွေ တည်ဆောက်ခဲ့ကြသည်။ နောက်တက်သည့် အရည်အချင်းညံ့ဖျင်းသော မင်းလက်ထက်တွင် အင်အားချည့်နဲ့၍ လက်နက်နိုင်ငံတော်ကြီးများ ပြိုကွဲခဲ့ကြသည်။ လက်နက်ဖြင့် နိုင်ငံတော်ရေရှည်ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန် မလွယ်ကူကြောင်း လေ့လာနိုင်သည်။ လက်နက်သည် စစ်ပွဲ၏ လိုအပ်သော အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်ပါသည်။
ယနေ့အချိန်အခါတွင် တော်လှန်ရေးပါတီများ၏ လက်နက်ကိုင် တိုက်ပွဲများမှာ မှေးမှိန်ပျောက်ကွယ်ခဲ့သော်လည်း လူမျိုးစုလက်နက်ကိုင် ပဋိပက္ခမှာ ဆက်လက်ဖြစ်ပွား ကျန်ရှိနေပါသည်။ အဓိကလိုအပ်နေသော အချက်နှစ်ရပ်ကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအားနည်းခြင်းနှင့် အကြောက်တရားများ လွှမ်းမိုးနေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ တိုင်းရင်းသား လူမျိုးစုများအပါအ၀င် ပြည်ထောင်စုကြီးတစ်ခုလုံး အတွက် အကာအကွယ်ပေးထားသော တရားဥပဒေကြီးစိုးသည့် အုပ်ချုပ်ရေးမဏ္ဍိုင်စနစ်တစ်ရပ်ကို မဖြစ်မနေ ၀ိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် လုပ်ဆောင်ရမည်ဖြစ်သည်။ သို့မှသာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှုများဖြင့် သံသယကင်းစွာ ဆက်ဆံနိုင်လိမ့်မည်။ စစ်တပ်(သို့) လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်သည် နယ်မြေတစ်ခုကို (Occupy) သိမ်းပိုက်ပြီးနောက် အ ခြေအနေအရ ပြန်လည်ဆုတ်ခွာရမည်ဆိုလျှင် စစ်ဝေါဟာရအရ အကျအဆုံး၊ အဆုံးအရှုံးနည်းပါးစွာဖြင့် (Successfully Retreat) အောင်မြင်စွာ ဆုတ်ခွာခြင်းဖြစ်သည်။ သာဓကအနေဖြင့် ဂျပန်ထိုးစစ်ကြောင့် အင်္ဂလိပ်တပ်များ မြန်မာပြည်မှ အင်းဖားအထိ ဆုတ်ခွာမှု၊ မဟာမိတ်တပ်များ ၏ ကမ္ဘာကျော်ဒန်တပ်ဆုတ်ခွာမှုကြီးများ ဖြစ်သည်။ 
စစ်သေနဗျူဟာရ အောင်မြင်စွာသိမ်းပိုက်ရေးထက် အောင်မြင်စွာဆုတ်ခွာခြင်းသည် ပိုမိုနူးညံ့သိမ်မွေ့ခက်ခဲ၍ သေနင်္ဂဗျူဟာမြောက်ပါသည်။ နိုင်ငံရေးအနှစ်သာရ မဆောင်သော ယာယီငြိမ်းချမ်းရေးသည် အချိန်အခါမရွေး ပြင်းထန်စွာ ထပ်မံပေါက်ကွဲနိုင်ပါသည်။ ဘုရင်မင်းခေါင်နှင့် ရာဇဓရာဇ်မင်းနှစ်ပါးတို့၏ နှစ်လေးဆယ်ကြာစစ်ပွဲသည် မိုးတွင်းအခါ စပါးစိုက်ရိက္ခာစု မိုးကုန်ပွင့်လင်း နွေဦးရာသီတွင် ပြန်လည်တိုက်ခိုက်သဖြင့် ငြိမ်းချမ်းမှုမရဘဲ စစ်ပွဲများအား ဆက်လက်ဖြစ်ပွားစေပါသည်။ မြန်မာ့ရိုးရာလက်ဝှေ့ပွဲများတွင် အနားယူ၊ အနားတောင်းပြီးနောက် သက်လုံကောင်းကောင်းဖြင့် ဆက်လက်ယှဉ်ပြိုင်နေသကဲ့သို့ ဖြစ်သည်။ ဖဆပလနှင့် မဆလခေတ်များတွင် တွေ့ဆုံဆွေးနွေးခဲ့သော ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တစ်ဖက်နှင့် တစ်ဖက်စွပ်စွဲမှုများ၊ ငြင်းခုံမှုများ တစ်ဖက်သတ်တင်ပြမှုများဖြင့် ယုံ ကြည်မှုကင်းမဲ့စွာ အဆုံးသတ်ခဲ့ပါသည်။
အခြားတစ်ဖက်တွင် မိမိတို့ပေါ် လွှမ်းခြုံထားသော အကြောက်တရားများကို ရဲဝံ့စွာဖြေရှင်းသင့်သည်။ မိမိခေတ္တသိမ်းယူထားသော လုပ်ပိုင်ခွင့်အာဏာကို လက်လွှတ်ဆုံးရှုံးရမည်ကို စိုးရိမ်ထိတ်လန့်နေစရာမလိုဘဲ ပြည်သူထံသို့ အပြည့်အ၀ ပြန်လည်ပေးအပ်ခြင်းသည် တရား နည်းလမ်းအကျဆုံး လက်တွေ့လုပ်ရပ်ပင်ဖြစ်သည်။ ထိုအကြောက်တရား နှစ်ခုကြားတွင် မိမိတို့ လိုလားတောင့်တနေသော ထာဝရငြိမ်းချမ်းရေးမှာ မှေးမှိန်ပျောက်ကွယ်နေလျှက်ရှိသည်။
ပြည်တွင်းစစ်ကြီးအတွင်း အသက်စည်းစိမ် အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးမှုများဖြင့် ပေးဆပ်ခဲ့ရပြီးဖြစ်သည်။ သည့်ထက်ပို၍ဆိုးသည်မှာ အကျင့်စရိုက်၊ သိက္ခာ၊ စာရိတ္တ၊ စာနာမှုဟူသော စိတ်ဓာတ်ရေးရာများ ပျက်ပြား ခဲ့ရခြင်းနှင့်အတူ အစားထိုး၍မရနိုင်သော ခါးသီးသည့် ရင်နင့်ဖွယ်ရာစိတ်ဒဏ်ရာ ဒဏ်ချက်များသည် တန်ဖိုးဖြတ်၍မရသော ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်။ ပြည်နာမှငွေရှာကောင်းသူများ၊ ဇာတ်ပျက် လူတန်းစားများ၊ ကပ်ပါးကောင်များ၊ ငတေမာလျှင် ပြီးရောဟူသောသူများ အကျင့် ပျက်ဝန်ထမ်းများ ပေါ်ပေါက်လာပြီး ထိုသူတို့၏ အောက်တန်းကျသော စိတ်ဓာတ်နှင့်လုပ်ရပ်များကြောင့် အဂတိလိုက်စားမှု၊ ဆင်းရဲမွဲတေမှု၊ အသိတရားခေါင်းပါးမှု အစရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့သည်။
ထာဝရငြိမ်းချမ်းရေးအတွက် အားနည်းနေသော၊ ပြင်ဆင်ဖြည့်စွက်ရန်လိုသော၊ အဟန့်အတားဖြစ်သော၊ အချိန်အခါနှင့် မကိုက်ညီသော၊  အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုင်ရာ အသီးသီးတွင် ယုံကြည်မှုရှိရှိ၊ အကြောင်းတရားကင်းကင်းဖြင့် မှန်ကန်သော နည်းလမ်းများ ချမှတ်အကောင်အထည်ဖော်ရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။ နူးညံ့သိမ်မွေ့ပျော့ပျောင်းသော ဒီမိုကရေစီပြောင်းလဲရေးအစပိုင်း၌ တာဝန်ရှိသူများအပါအ၀င် ငြိမ်းချမ်းရေး ဒီမိုကရေစီအင်အားစုများအတွက် သတိကြီးစွာဖြင့် ထိလွယ်ရှလွယ် အမှားလုံးဝမခံသော အခြေအနေတစ်ရပ်ဖြစ်သည့်အပြင် လက်လွတ်မခံနိုင်သော အခွင့်အရေးတစ်ရပ်လည်း ဖြစ်သည်။ လာခြင်း ကောင်းသောအစဖြစ်လျှင် အဆုံးသတ်မှုလည်း အပြုသဘောဆောင်သည့်ဘက်သို့ ဦးတည်ရာဖွယ်ရှိသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၏ အမှန်တရားနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရှိ တရားများ ပေါင်းစပ်ညှိနှိုင်းမှု တူညီ သောဘုံရပ်တည်ချက်များဖြင့် တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းရေးတို့ လုပ်ဆောင်အောင်မြင်ခြင်းသည်သာ လျင် အခြေခံအကျဆုံးလုပ်ငန်းစဉ် ဖြစ်သည်။ မတူတာ ခေတ္တဖယ်ထား ၍ တူညီတာတွေ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ 
တိုင်းပြည် တည်ဆောက်ရေးနှင့် ကာကွယ်ရေးတာဝန် ၀တ္တရားများတွင် တပ်မတော်သည် အမှန်တကယ် လိုအပ်မည်ဖြစ်သော်လည်း ငြိမ်းချမ်းရေး၏ တစ်ဖက်စွန်းဖြစ်သော စစ်ဝါဒီ၊ စစ်ဝါဒ စစ်အုပ်ချုပ်ရေးတို့ကား မိမိတို့နှလုံးသားမှ အမှန်တကယ်ဖယ်ရှားရမည့် အရာများဖြစ်သည်။ မျိုးဆက်သစ် စစ်ခေါင်းဆောင်များသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ပေးမည့် သူများ၊ အသစ်တစ်ဖန် ပြန်လည်မွေးဖွားသူ ပေးမည့် သူများဟု ယုံကြည်ပါသည်။ ပြည်တွင်းစစ်ကြီးမှပေးခဲ့သော အမွေဆိုးများ၊ ပြဿနာများ၊ အခက်အခဲများကို ဖြေရှင်းရာတွင် ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယဟူ၍ ခံယူဖြေရှင်းသင့်ပါသည်။ ငြိမ်းချမ်းရေးမပါရှိသော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများသည် တက်မပါသော လှေကို လက်ဖြင့် ယက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ မှန်ကန်သော ထင် သာမြင်သာရိုးသားဖြူစင်သည့်ပြောင်း လဲမှုများသည်သာ လက်တွေ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကိုအကောင် အထည်ပေါ်အောင် ဖော်ဆောင်ပေး နိုင်မည်ဖြစ်သည်။ စိတ်ရှည်မှု၊ သ ဘောထားကြီးမှု၊ ခွင့်လွှတ်စာနာမှု၊ အပြန်အလှန် လိုက်လျောမှုအချက်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရမည့် လက်တွေ့အခြေခံ အချက်များဖြစ်သည်။ အပြုတ်တိုက်ရေး အမြစ်ပြတ်ချေမှုန်းရေးတို့သည် လက်နက်ဖြင့်ဖြေရှင်းသော ယာယီ ငြိမ်းချမ်းရေးသာ ဆောင်ရွက်နိုင်ပြီး တကယ်လက်တွေ့တွင်မူ စိတ်ဓာတ် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသော ငြိမ်းချမ်းရေး အတုအယောင်များသာ ဖြစ်ပေလိမ့်မည်။ အာဖရိက ပြည်တွင်းစစ်ပွဲများတွင် အများအားဖြင့် အင်အားကြီးသော လူမျိုးစုများသည် အင်အားနည်းသော လူမျိုးစုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသော လူမျိုးတုံး စစ်ပွဲကြီးများဖြစ်သည်။ စိတ်ဒဏ်ရာ ဒဏ်ချက်ဟု ခေါ်ဆိုနိုင်သော အမုန်း၊ ရန်ငြိုး၊ အာဃာတ၊ အပြန်အလှန် လက်စားချေ တုံ့ပြန်မှုများဖြင့် စဉ်ဆက်မပြတ်သတ်ဖြတ်နေသော လူမျိုးစုမျိုးတုံးရေး စစ်ပွဲကြီးများဖြစ်၍ ငြိမ်းချမ်းရေးအစစ်အမှန်နှင့် အလှမ်းဝေးလျှက်ရှိသည်။ သံဝေဂယူစရာ ထိတ်လန့်စရာဖြစ်သည်။
ဂွစာ စာရေးဆရာကြီးဟု ထင်ရှားသည့် ဘားနတ်ရှော့တ်၏ (Man and Arm) လူနှင့်လက်နက် ပြဇာတ်ကို ဆရာဗန်မော်တင်အောင်သည် ဗိုလ်ကြီးချောကလက်အမည်ဖြင့် မြန်မာပြန်ဆိုရေးသားခဲ့သည်။ ထိုပြဇာတ်၌ ကျည်ဆန်များသည် စားသုံး၍မရသော အရာများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကာလတွင် မည်သို့မျှ အသုံးမ၀င်ကြောင်း၊ ဘ၀ရှင်သန်မှုအတွက် ကျည်ဆန်များထက် ချောကလက်များက ပိုမိုအသုံးဝင်ကြောင်း ပြောင်လှောင် ရေးသားထားသည်။ မိမိတို့ဘ၀ ရှင်သန်ရေးအတွက် ချောကလက်ကဲ့သို့ စားသုံးကုန်၊ လူသုံး ကုန်များကို အာရုံစိုက်ဂရုပြုခြင်းသာ အာမခံချက်ပေးမည့် အရာဖြစ်သည်။
- ရဲဘော်ပြာငွေ သင်သွားလိုရာသွားနိုင်ပြီဟူသော အမိန့်ပြန်တမ်းများ၊
- သွေးမျက်ရည် သင်္ချိုင်းဖုံးလွှမ်းနေသော အနိဋ္ဌာရုံများ၊
- ရင်ဝတည့်တည့်သို့ ရောက်လာမည့် ကျည်ဆန်များ၊
- ခါးသည်းသော စိတ်ဓာတ်ရာဒဏ်ချက် ပုံရိပ်ဆိုးများ
 အစရှိသည့် ပြည်တွင်းစစ်ကြီး၏ ရင်နင့်ဖွယ်ရာ အမှောင်ညများကို ကျော်ဖြတ်၍ ဆန့်ကျင်ဘက်ဦးတည်ရာဖြစ်သော စိတ်သစ်ခွန်အားသစ်ကို ပေါ်အောင် အကောင်အထည်ပေးမည့် အနာဂတ်ထာဝရ ငြိမ်းချမ်းရေးရောင် ခြည်ကို မျှော်လင့်တောင့်တ လက်ကမ်းကြိုဆိုလျှက်ရှိပါသည်။
Written by ဦးဇော် (အောင်ဆန်း)   
Sunday, 20 November 2011 15:54(http://news-eleven.com/)ကူးယူထားပါသည်

No Response to "ထာဝရငြိမ်းချမ်းရေးဆီသို့ . ."

Send en kommentar

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းပါတယ်။