၁၅ ရာစုတုန်းက ဥရောပတွင် ဥရောပပြဿနာကို အရင် ဖြေရှင်းရေး ကြွေးကြော်သံကိုသာ စွဲကိုင် ထားခဲ့ချေလျှင် ကိုလံဘတ်စ်သည် အမေရိကတိုက်ကိုပင် တွေ့နိုင်ခဲ့လိမ့်မည်မဟုတ်၊ ဥရောပ သည်လည်း
ဥရောပ ပြဿနာများအကြာတွင် မြုပ်ခဲ့ချေတော့မည်။ (ဟင်နရီကစ်ဆင်ဂျာ)*
လွန်ခဲ့တဲ့ တနှစ်က ရွေးကောက်ပွဲဝင် အပေါ် ယုံကြည်သူတွေက ရွေးကောက်ပွဲဟာ စစ်တပ် စနစ်တကျ ထွက်ပေါက်ပေးသင့်တယ်လို့ တင်ပြကြတယ်။ တနှစ်အကြာမှာတော့ နောက်ထပ် ပြဿနာတရပ် ပေါ်လာပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဂုဏ်သိက္ခာရှိရှိ ဘယ်လို ထွက်ပေါက်ပေးမလဲ ဆိုတဲ့ ပြဿနာဖြစ်ပါတယ်၊ ဒီတခါအဆုံးအဖြတ်က အာဏာရသူတွေ လက်ထဲမှာ ရှိနေပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနှစ်မတ်လက မှတ်ပုံမတင်ရေး၊ ရွေးကောက်ပွဲ မ၀င်ဖို့ ကန့်ကွက်သူမရှိတခဲနက် ဆုံးဖြတ်ခဲ့ကြတယ်၊ ရွှေဂုံတိုင် ကြေညာ စာတမ်းအပေါ် ရပ်ခံခဲ့တယ်။ တနှစ်အကြာမှာ ဂငယ်ကွေ့ကွေ့တော့မယ်ဆိုရင် ရွှေဂုံတိုင် ကြေညာစာတမ်းကို ဘယ်လို သဘောထားမလဲ။ တလျှောက်လုံးကိုင်စွဲလာတဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို ဘယ်လို သဘောထားမလဲ၊ ရှေ့စကားနဲ့ နောက်စကားညီဦးပါ့မလား ဆိုတဲ့ ပြသနာပေါ်လာပါတယ်။
အကယ်၍ ရွှေဂုံတိုင် ကြေညာ စာတမ်းပါ အဓိက တောင်းဆိုချက်တွေထဲက အပြောင်းအလဲတွေ မမြင်ရဘဲ၊ (ဥပမာ ယုံကြည်ချက်ကြောင့်ကျတဲ့ အကျဉ်းသားတွေကို မလွှတ်ပေးဘဲ၊ ဖွဲ့စည်းပုံထဲက ဒီမိုကရေစီနည်းလမ်း မကျတာတချို့တွေကို မပြုပြင်ဘဲ၊ ၁၉၉၀ ရွေးကောက်ပွဲကို တစုံတရာ အသိအမှတ်မပြုဘဲ) ရွေးကောက်ပွဲဝင်မယ်ဆိုရင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အတွက် ဂုဏ်သိက္ခာရှိတဲ့ ထွက်ပေါက် မဖြစ်နိုင်ပါဘူး။ ဒီအပေါ်မှာ ပါတီဝင်တွေကြားမှာတင် စိတ်ဝမ်းကွဲမှု ဖြစ်နိုင်ပါတယ်။ ရေရှည်မှာလည်း ရှေ့နောက် မညီမှုတွေအတွက် ပါတီစည်းရုံးရေးကအစ ပြဿနာ ကြုံနိုင်ပါတယ်၊
ပါတီများမှတ်ပုံတင်ခြင်း ဥပဒေထဲက အချက်သုံးချက်ကို ပြင်ဆင်လိုက်တာ၊ နိုင်ငံရေး အကျဉ်းသားတချို့ ပြန်လွတ်လာတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တွေ့ဆုံဆွေးနွေးမှုရလဒ်ဆိုတာ သံသယ ဖြစ်စရာမရှိပါဘူး။ တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ အဓိပ္ပါယ်ကိုက နှစ်ဖက်အပေးအယူလုပ်ရတဲ့ ကိစ္စဖြစ်ပါတယ်။ တဖက်ဖက်က လိုချင်တာ အကုန်မရနိုင်တာ လူတိုင်း သဘောပေါက်ပြီးသား ကိစ္စဖြစ်ပါတယ်။
ဒါပေမယ့် ဘယ်အချက်တွေတော့ အနည်းဆုံး ရသင့်တယ်ဆိုတဲ့အပေါ်မှာတော့ ဂုဏ်သိက္ခာနဲ့ ဆိုင်လို့ အလေးအနက် စဉ်းစားရမယ့် ကိစ္စဖြစ်ပါတယ်။ ဥပမာ ရွေးကောက်ပွဲမ၀င်ခင် ကျန်နေတဲ့ ယုံကြည်ချက်ကြောင့် အကျဉ်းသားတွေကို အကုန်လွှတ်ပေးဖို့၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းနဲ့ အသိအမှတ်ပြုတာမျိုး လိုအပ်ပါတယ်။ ဒီအနည်းဆုံးလိုအပ်ချက်တွေကို ဒီအချိန်မှာ မရရင် ဘယ်အချိန်မှာ ရမလဲဆိုတဲ့ ကတိက၀တ်နဲ့ သဘော တူညီချက်လိုအပ်ပါလိမ့်မယ်။
မျိုးဆက်နဲ့ချီတဲ့ ပဋိပက္ခအတွက် အားလုံးလက်ခံနိုင်ငံတဲ့ အဖြေဆိုတာ ချက်ချင်းလက်ငင်း မရှိနိုင်ပါဘူး၊ ဒါပေမယ့် တဦးချင်း တဖွဲ့ချင်းအတွက် အသေးစိတ်ကိစ္စတွေကို အချိန်ယူ ဖြေရှင်း ရမယ့်ကိစ္စ၊ ချက်ချင်းဖြေရှင်းရမယ့် ကိစ္စတို့ကိုတော့ ခွဲခြား နားလည်ရမှာတွေရှိနိုင်ပါတယ်။ တချိန်တည်းမှာ အသေးစိတ်ကိစ္စတွေမှာ ချောင်ပိတ်မိနေတာ မျိုးမဟုတ်ဘဲ လက်တွေ့ကျဖို့ လည်း လိုပါမယ်။
ဥပမာ ဒီမိုကရေစီအရေးနှင့် ပြည်ထောင်စု အရေးနဲ့ပတ်သက်လို့ ရှိခဲ့တဲ့ ရွှေဂုံတိုင် ကြေညာစာတမ်း၊ ကလေးမြို့ ကြေညာစာတမ်း အစ၊ မာနယ်ပလောစာချုပ် အလယ်၊ ပင်လုံ စာချုပ်အဆုံး အချိန်ကာလနဲ့ အခြေအနေအရ ချုပ်ဆိုသဘောတူညီခဲ့တဲ့ စာချုပ်စာတမ်းတွေမှာ ပိတ်မိမနေဖို့ လိုပါတယ်။
တချိန်တည်းမှာ အရာရာကို အလွန်အကျွံ ယေဘုယျပြုတာမျိုးလည်း မဖြစ်ဖို့ လိုပါတယ်၊ ဥပမာ (၁) မနှစ်က ရွေးကောက်ပွဲမ၀င်ဖို့ ပြောပြီး၊ ဒီနှစ်ရွေးကောက်ပွဲမယ်ဆိုရင် မနှစ်ကတည်းက ၀င်လိုက် ပါတော့လား၊ (၂) ငါမပြောလား၊ နဂိုကတည်းက ရွေးကောက်ပွဲကိုဝင်ပါဆိုတာ၊ နောက်ဆုံးတော့လည်း ဒီလမ်းပဲ ရွေးရတယ် မဟုတ်လား ဆိုတဲ့ ယေဘုယျပြုချက်မျိုးကို ဆိုလိုတာပါ၊ အခြေအနေတွေ ပြောင်းလဲသွားတာကို လက်ခံဖို့ လိုပါတယ်။
"နောက်ထပ်တခုကလည်း ရထားကြီးကတော့ ထွက်သွားပြီး၊ မလိုက်ချင်နေခဲ့" ဆိုတဲ့ နိုင်လိုမင်းထက် စဉ်းစားချက်မျိုးဖြစ်ပါတယ်။ မနက်ရထားနဲ့ မလိုက်နိုင်သူတွေကို ညရထားနဲ့ လိုက်လာနိုင်အောင် အခြေအနေတွေကို ဖန်တီးပေးဖို့ လိုအပ်ပါတယ်။
မြန်မာပြည် လွတ်လပ်ရေးရတဲ့ အချိန်ကနေ ယနေ့အထိ ရှိနေတဲ့ ပြသနာတွေကို ကြည့်ရင် ဒီစဉ်းစားချက် အပေါ် အခြေခံခဲ့ပါတယ်။ လက်တွေ့မှာ ဘယ်လောက်သေးငယ်တဲ့ တိုင်းရင်းသား အုပ်စု၊ နိုင်ငံရေး အုပ်စုကိုမျှ အပြီးတိုင် မချိုးနှိမ်နိုင်ခဲ့ပါဘူး။ တချိန်ချိန်မှာ အုပ်စုတခုက အနိုင်ရကောင်းရ နေနိုင်ပေမယ့် ရေရှည်ခံတဲ့ အဖြေမဖြစ်နိုင်ပါဘူး။ အာဏာရအုပ်စုထဲက ဖြစ်စေ၊ အတိုက်အခံ အုပ်စုထဲကဖြစ်စေ၊ သေးငယ်တဲ့ အစိတ်အပိုင်းကြောင့် အပြောင်းအလဲတွေ ရှေ့မတိုးနိုင်တာ၊ သို့မဟုတ် နောက်ပြန်လှည့် သွားနိုင်စရာရှိပါတယ်။
အတိတ်သင်ခန်းစာအရ မြန်မာပြည်မှာ သူ့ဘက်ကိုယ့်ဘက် သဘောတရားနဲ့ ဘယ်သူမှ ဘယ်သူ့ကို မချေမှုန်းနိုင်ခဲ့ပါဘူး။ နောင်ကိုလည်း ဖြေရှင်းနိုင်စရာအကြောင်းမမြင်ပါဘူး။ ဒါကြောင့် အင်အားစုအားလုံးအတွက် ဂုဏ်သိက္ခာရှိတဲ့ ထွက်ပေါက်တခုကို ၀ိုင်းဝန်းအဖြေရှာဖို့ လိုတယ်လို့ ယူဆပါတယ်။
တနည်းအားဖြင့် အာဏာရအုပ်စုကို ဂုဏ်သိက္ခာရှိရှိ ဘယ်လို ထွက်ပေါက် ပေးမလဲ၊ ဒီမိုကရေစီ အင်အားစုတွေကို ဘယ်လိုထွက် ပေါက်ပေးမလဲ၊ တိုင်းရင်းသားအုပ်စုတွေကို ဘယ်လို ထွက်ပေါက်ပေးမလဲ ဆိုတဲ့ (win-win-win solution) ကိစ္စဖြစ်ပါတယ်။ ချောင်ပိတ်ပြီးမှပေးတဲ့ ထွက်ပေါက်တာမျိုးမဟုတ်ဘဲ၊ ဂုဏ်သိက္ခာရှိတဲ့ ထွက်ပေါက်မျိုးဖြစ်ရပါမယ်။ ပြသနာတွေရဲ့ အဖြေဟာ သီးခြားစီမဟုတ်ပါဘူး။
ဒါကြောင့် အင်အားစုတိုင်းမှာ မဟာဗျူဟာမြောက် စဉ်းစားချက်နဲ့ အမျိုးသားအကျိုးစီးပွားအပေါ် အခြေခံတဲ့ စဉ်းစားချက်ရှိမှ လက်ရှိအပြောင်း အလဲတွေကို ရေရှည်ထိန်းထားနိုင်မယ်လို့ ယူဆပါတယ်။
ညီစောလွင်
(*ဆရာမောင်ဝံသ ရေးသည့် ကစ်ဆင်ဂျာ၏ အိမ်ဖြူတော်နှစ်များ စာအုပ်မှ ကောက်နှုတ် ဖော်ပြပါသည်)(မောက္ခ)မှ ကူးယူတင်ပြပါသည်
No Response to "မဟာဗျူဟာမြောက် အတက်နှင့် အဆုတ်"
Send en kommentar