သဘာဝဟာ သဘာဝပါ

0

မကြာခင်မှာပဲ ရေဘေးဒုက္ခသည် ဖြစ်ရမယ့်အထဲ ကျနော်တို့ မိသားစုလည်း ပါရပါတော့မယ်။ ဘန်ကောက်မြို့ကြီး ရေ ပတ် လည် ဝိုင်းနေပါပြီ။ ရေစိုရင် ပျက်စီးနိုင်မယ့် ပစ္စည်းတွေကို သူငယ်ချင်းနှစ်ယောက် အကူအညီနဲ့ မနေ့ကပဲ အပေါ် ထပ်ကို တင်ထားလိုက်တယ်။ ပေါ့ပေါ့ပါးပါး သုံးနေဆဲ ပစ္စည်းတွေကတော့ အိမ်ဝင်းထဲ ရေရောက်ခါနီးမှ အပေါ်ထပ်ကို ထပ်တင် တော့မယ်။ မွေးထားတဲ့ ခွေးနှစ်ကောင်ကို ဘယ်သွားထားရမလဲ ဆိုတာကြောင့်လည်း ခေါင်းကိုက်နေရတယ်။
ကျနော်တို့ ဧရိယာက ဆူခွန်ဗစ်လို့ ခေါ်တယ်။ ဆူခွန်ဗစ်လမ်းမ ဆိုတာက အရှည်ကြီး။ ဘယ်လောက်ရှည်သလဲ ဆိုရင် ဆူခွန်ဗစ် ဆွိုင် ၁ (လမ်းသွယ် ၁) က ကျနော်တို့ နားကစလိုက်တာ ကမ္ဘောဒီးယား နယ်စပ်ရောက်တဲ့အထိ ဆူခွန်ဗစ် လမ်းကို ခေါ်သဗျ။ ဒီကလမ်းတွေမှာ လမ်းနံပါတ်တပ်တာက တမျိုး။ စုံဂဏန်းတွေက တဖက်မှာသပ်သပ်၊ မဂဏန်းတွေ က တဖက်မှာသပ်သပ် ထားပါတယ်။ ဆူခွန်ဗစ်လမ်းမှာ လူနေထူထပ်တာက ဆွိုင် ၁ ကနေစရေတွက်ရင် ဆွိုင် ၁ဝ၅ အထိလို့ ဆိုနိုင်ပါတယ်။ ကျနော်တို့ ရပ်ကွက်ကို အပိုင်းနဲ့ တွက်မယ်ဆိုရင် ဆွိုင် ၁ ကနေ ဆွိုင် ၁၉ အထိ အကန့်တခုလို့ ပြောနိုင်တယ်။ ကျနော်တို့ မျက်နှာချင်းဆိုင် အပိုင်း ကတော့ ဆွိုင် ၂ ကနေ ဆွိုင် ၁၄ အထိ။ ကျနော်တို့ အပိုင်းထဲကို ကနေ့ ရေရောက်မလာ သေးပေမယ့် ဆွိုင် ၅၄ ဖက်မှာတော့ ရင်ဆို့လောက် ရေဝင်နေပြီလို့ သိရပါတယ်။ နောက်ပြီး ကျနော်တို့ အိမ်က တူးမြောင်းနဲ့ မီတာ ၂ဝဝ လောက်ပဲဝေးတာ။ အဲသည့် တူးမြောင်းဟာ တနင်္ဂနွေ မနက်ပိုင်းလောက်မှာ ရေလျှံမယ်လို့ အစိုးရက သတိပေးထားတယ်။ ခန့်မှန်းထားတယ်လို့ ဆိုရင်လည်း မမှားဘူး။
အဲတာကြောင့် ကျနော်တို့ လင်မယားနှစ်ယောက် သဲအိတ်တွေ သွားဝယ်ပြီး ပထမဆုံး အိမ်ထိပ်က ဂိတ်ပေါက်ကို သဲ အိတ်တွေနဲ့ ပိတ်လိုက်တယ်။ သဲအိတ်ပေါင်း ၇ဝ ကျော်လောက် သုံးလိုက်ရတယ်။ နှစ်ယောက်ထဲနဲ့တော့ သဲအိတ် အ ကုန်လုံးကို မသယ်နိုင်တော့ အိမ်နားက ဆိုင်ကယ်တက္ကဆီ သမားတွေကို မုန့်ဖိုးပေးပြီး ဝိုင်းကူခိုင်းရပါတယ်။ နောက် ဆက်လုပ်ဖို့ ကျန်တာကတော့ ရေဝင်လာမယ့် လမ်းကြောင်းက အိမ်တံခါး နှစ်ပေါက်ကို သဲအိတ်တွေနဲ့ ဆို့ထားဖို့ပါပဲ။ အိမ်နီးချင်း အဖြူ လင်မယား နှစ်ယောက်ကတော့ ဝိုင်းကူမလားမှတ်တယ် တချိုးထဲပဲ အိန္ဒိယကို အလည်ထွက်သွား တယ် နောက်တပတ်တောင် ပြန်လာသေးဘူးလို့ သိရတယ်။ နောက်အိမ်နီးချင်း အဖြူတကောင်ကတော့ ကနေ့ပဲထင်ပါ ရဲ့ ပင်လယ်ကမ်းစပ်တနေရာကို ရှောင်သွားပြန်တယ်။ ကျနော်တို့ လင်မယားနှစ်ယောက်ပဲ ကျနော်တို့ ဆွိုင်လေးကို ကာ ကွယ်ဖို့ ကျန်ရစ်တယ်။ သဲအိတ်ဖိုး လည်း ရှယ်မပေး၊ လုပ်အားလည်း မကူဘဲ လွတ်ရာကို ဒိုးကျတော့တာပဲ။ ထားပါ တော့လေ။
ရေကြီးတယ်ဆိုရင် ငယ်ငယ်တုန်းက ဘယ်လိုပျော်မှန်းမသိဘူး။ ကျနော်တို့ အိမ်က အမရပူရမြို့ (တောင်မြို့) မှာပါ။ မန္တလေး အစပ်နဲ့ ကပ်နေတဲ့ ဖက်မှာ ရှိပါတယ်။ ကျနော်တို့ခြံက အရှည်အားဖြင့် ပေ ၃၅ဝ လောက်ရှိပြီး အကျယ်ကတော့ ပေ ၁ဝဝ လောက် ရှိပါတယ်။ အိမ်နောက်ဖက်မှာတော့ ခြံစိုက်ထားတယ်။ သို့သော် ခြံနောက်ပိုင်းဟာ မြေနိမ့်ပိုင်းဖြစ်တာ မို့ ဝါဆိုဝါခေါင် ရေတွေဖောင်လာပြီဆိုရင် ခြံတဝက်ဟာ ရေဖုံးသွားလေ့ ရှိတယ်။ အဲသည့် အချိန်ဆို ထုံးဖြူဖြူနဲ့ ဘုရား စေတီတွေ အများကြီးရှိတဲ့ စစ်ကိုင်းတောင်စဉ်နဲ့ ကျနော်တို့ ခြံကို ဧရာဝတီမြစ်ရေက တပြေးထဲဖြစ်အောင် ဆက်ပေး လိုက်တယ်။ ကြားထဲမှာတော့ ရှမ်းကလေးကျွန်း ဆိုတဲ့ ရွာကလေးရှိတယ်။ ကျနော်တို့ ခြံနောက်ကကြည့်ရင် တမိုင်အ ကွာ လောက်မှာ ရှိတယ်။ ဟိုတုန်းက ဆီးသီးထွက်တာမှာ နာမည် ကြီးတယ်။ အခုတော့ ဆီးသီးထွက်သေးလား မထွက် တော့ဘူးလား မသိတော့။ ရေဝင်တဲ့ အရပ်မို့ ရွာထဲက အိမ်တိုင်းက ခြေတံရှည် အိမ်တွေ။ ရေကြီးတဲ့ အချိန်မှာ သူငယ် ချင်းတွေစုပြီး ရှမ်းကလေးကျွန်းဖက်ကို ငှက်နဲ့သွားလည်ပြီး အသိတအိမ်အိမ်မှာ ထမင်းစားကြတယ်။ ပြီးတော့ ပြန်လာ ကြ။ အမေတို့ အဒေါ်တို့ကတော့ ခြံထဲရေဝင်တာနဲ့ တနှစ်လုံး စုထားတဲ့ စောင်တွေ ခြင်ထောင်တွေကို ထုတ်လာပြီး လက် ပုတ်တွေနဲ့ ရိုက်ရိုက်ပြီး လျှော်ကြတယ်။ မြစ်ရေနဲ့ လျှော်တာ ပိုဖြူတယ်လို့ ဆိုသေးတယ်။ ကျနော့်ဦးလေး တယောက်က တော့ ခြံထဲလာပြီး ငါးမျှားတံတချောင်းနဲ့ ငါးမျှားတယ်။ ညနေကျရင် ကျနော့်အဖေနဲ့ ပလောင်ထင်းတယ်။
ရှမ်းကလေးကျွန်းဖက်ကို မသွားဖြစ်တဲ့ အခါမှာ တောင်သမန်အင်းကို စက်ဘီးတွေနဲ့ သွားလည်ကြတယ်။ ဦးပိန်တံတား ပေါ်ကနေ အင်းထဲကို ဒိုင်ဗင်ထိုးချပြီး ရေကူးကြတယ်။ အနီးအနားမှာ အပျိုမတွေ ရှိနေရင် နှစ်ပတ်ဂျွမ်းတွေ ဘာတွေ တေင် ထိုးပြလိုက်သေးတယ်။ ပြီးတော့ တံတားထိပ်မှာ အကြော်မျိုးစုံကို ထန်းရေနဲ့ ဆော်ကြတယ်။ ထန်းရေကလည်း ပေါဆို တဖက်ကမ်းက တောင်သမန်ရွာဟာ ထန်းတောကြီးထဲမှာ တည်ထားတာကိုး။ ရေဟာ တခါတလေ ဦးပိန်တံတား ကြမ်းပြင် ကိုတောင် ထိတဲ့အထိ ရှိတတ်သေးတယ်။ မှတ်မှတ်ရရ ခြောက်တန်းနှစ်တုန်းက ရေအကြီးလွန်တာကြောင့် ကျောင်းတွေ ပိတ်လိုက်ရတယ် ကျနော်တို့ကတော့ ပျော်လိုက်တာ ဝက်ဝက်ကွဲပဲ။ တောင်သမန်အင်းနဲ့ ဦးပိန်တံတားဟာ မိုးတွင်းရေကြီး ရင်လည်း လှတယ်။ ဆောင်းတွင်းမှာလည်း အလှတမျိုး။ နွေမှာလည်း လက်ပံပွင့်တွေနဲ့ လှတယ်။ ဦးပိန် တံတား ပေါ်ကနေ ဆေးလိပ်သောက်ရင်း ထိုင်ပြီး ရှုခင်းတွေကို ကြည့်ရတာ သိပ်အရသာ ရှိတယ်။ ရိုးသွားတယ်လို့ ဘယ်တော့မှ မခံစားရဖူး။ ပြာမှိုင်းနေတဲ့ ရှမ်းရိုးမကြီးကိုလည်း မြင်နေရတယ်။ ရေကြီးတဲ့ ကာလမှာ နောက်ထူးခြားတာ တခုက ရတနာ့ဂူ နတ်ပွဲပါပဲ။ မူလကကတော့ ဘုရားပွဲ နောက်တော့ နတ်ပွဲနဲ့ ရောကုန်တယ်။ တောင်ပြုံး နတ်ပွဲအပြီး နှစ် ပတ်အကြာမှာ ရတနာ့ဂူ နတ်ပွဲကို ခင်းလေ့ရှိတယ်။
ကျနော်တို့ ငယ်ငယ်တုန်းက ရေကြီးတယ်ဆိုတာ ဝါဆိုဝါခေါင် ဖြစ်နေကြ။ အခုခေတ်လို လူတွေရာနဲ့ ချီပြီးသေတဲ့ ရေ ဘေး ကပ်ဒုက္ခ မဟုတ်ဘူး။ သဘာဝအတိုင်း လည်ပတ်နေတာ။ မှန်းဆလို့ တွက်ချက်လို့ ရတယ်။ အခုဟာက ထိုင်းမှာ လည်း ရေကြီး ဘေးတခြား နိုင်ငံတွေမှာလည်းကြီး၊ လူတွေသေ၊ မြန်မာပြည်မှာလည်း ရေကြီး လူတွေသေ၊ ဆင်းရဲသား တွေ ပိုပြီး ဒုက္ခရောက် ကြ။ ခုတ်ကြဦးဟဲ့ သစ်တောတွေ သစ်ပင်တွေ၊ တရုတ်ပြည်ကို ရောင်းကြဦးလေ။ မြစ်တွေကို ပိတ် ပြီး ဆောက်ကြဦးဟဲ့ ဆည်တွေ။ အလွန်အကျွံ ချမ်းသာတာကိုမှ ဖွံ့ဖြိုးတိုးတက်မှု အစစ်လို့ ထင်နေသူတွေ ထပ်လုပ်ကြ ဦး။
အခု ကိုယ့်နိုင်ငံရော ဘေးနိုင်ငံတွေကော ရေဘေးခံရတာ ဒီတနှစ်ထဲလို့ ထင်မနေကြနဲ့။ နောက်နှစ်တွေလည်း လာဦး မယ်။ တနှစ်ထဲ နှစ်ခါပြန် ရေမကြီးဖူးလို့လည်း ဘယ်သူကမှ အာမမခံထားဖူး။ သဘာဝမိခင်ကို စတေးပစ်တဲ့အတွက် ပြန် ပေးရတဲ့ တန်ဖိုးဟာ ကြီးလှတယ်ဆိုတာ သိကြပလား အမိုက်ကောင်တွေ။ နောက်လည်း လာဦးမယ်။ ရေမကြီးလည်း မိုးခေါင်လွန်းတဲ့ ပြဿနာက မရိုးရအောင် သရုပ်ဆောင်ပြ ပါလိမ့်ဦးမယ်။ ရေကြီးလို့ စပါးပျက်၊ မိုးခေါင်လို့ စပါးမထွက်၊ မိုးအုံ့လွန်းလို့ စပါး မတင်တာတွေ နောက်ထပ်လာဦးမယ်။ ဒါတွေကို ရင်ဆိုင်ကြုံတွေ့ ပြီးကာမှ အခုအထိ သင်ခန်းစာ မယူသေးဘူး ဆိုရင်လဲ ကိုယ်ရင်တို့ သဘောပဲ။ သဘာဝ ဘေးအန္တရာယ်ဆိုတာ ပမာဏကြီးမားရင် ဘာနဲ့မှ ကာကွယ်လို့ မရဘူးဆိုတာ မှတ်ကြပေတော့။ သဘာဝကို သဘာဝအတိုင်းသာ ရှိပါစေ။
ဇော်မင်း
၂၈ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၁ ခုနှစ်

No Response to "သဘာဝဟာ သဘာဝပါ"

Send en kommentar

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းပါတယ်။