နိုင်ငံရေးဆိုတော့လည်း နိုင်ငံရေးကြပြန်ရော။ နိုင်ငံရေးဆိုတာကိုလည်း ကိုယ်ခုံမင်သလို အဓိပ္ပါယ် ဖွင့်ကြပြန်သေးတယ်။ တချို့ကတော့ လက်ရှိနိုင်ငံရေး လမ်းကြောင်းထဲ ကိုယ်မပါလိုက်ရမှာစိုးလို့ နာမည်မျိုးစုံနဲ့ ရေးကြချွတ်ကြ အင်တာဗျူး ခံကြ၊ တချို့ကလည်း နာမည်ကြီးတဲ့ သူတွေကို တက်ပြီးဝေဖန်တာကမှ အရေးကြီးသလိုလည်း ဖြစ်နေကြ။ အင်းပေါ့လေ သူတို့အတွက်တော့ အဲသလို ဝေဖန်စာတွေ ရေးနေရတာကိုက ဗိုလ်သင်တန်းတခု တက်နေရသလိုမျိုး ဖြစ်ကောင်း ဖြစ် နေမှာပေါ့။ များများလေး ဝေဖန်စာတွေကိုရေး၊ ပွဲဆူလာရင် ဗိုလ်သင်တန်းအောင်လို့ ဗိုလ်ဖြစ်ပြီပေါ့။ လွန်ခဲ့တဲ့ အနှစ် ၂ဝ လောက်က သောင်းရင်းမြစ် နဘေး မိုးမခပင်တွေ ရံထားတဲ့ ကျောင်းကလေးမှာ သီတင်းသုံးနေတဲ့ ဆရာတော် ဦးခေမာ စာရ ပြောခဲ့ဖူးတာ တခုကို သွားပြီး အမှတ်ရမိတယ်။ ဦးဇင်းက ဘာပြောတုန်းဆိုတော့ ဒို့ဘုန်းကြီး လောကမှာလည်း မန္တ လေးမှာ သွားနေပြီး ၂ နှစ် ၃ နှစ်လောက် အနည်းကလေးမှ စာမလိုက်ခဲ့ဖူးရင် ဘုန်းကြီး ဗိုလ်သင်တန်း မအောင်သလို အကြည့်ခံရသတဲ့။ သဘောကတော့ မန္တလေးမှာ စာမသင်ခဲ့ဖူးတဲ့ ကိုယ်တော်ဟာ သံဃာလောကမှာ တန်းမဝင်သလိုလို ဖြစ်ရတယ်လို့ ဆိုချင်တာပါ။
အလားတူပါပဲ အင်တာနက် လောကမှာလည်း ဆော်လိုက်တဲ့ စာတွေရေးမှ၊ ဝေဖန်ရေးစာတွေ ဖောင်းဖောင်းမြည်အောင် တင်နိုင်မှ အဆင်မြင့် နိုင်ငံရေးတန်းဝင်မယ်လို့ ထင်ကြဟန်ရှိတယ်။ ဟိုမိန်းမကြီး အနှစ်နှစ်ဆယ်ကျော် ဘာလုပ်နေလဲ၊ ဘာတွေ အောင်မြင်ခဲ့လို့လဲ၊ လမ်းမှားတော့မယ်၊ ထောင်ချောက်ထဲ ပိတ်မိတော့မယ်၊ ကိုယ်အရင်က ပြောခဲ့စကားနဲ့ ပြောင်းပြန် လုပ်နေတယ်၊ ဟိုဖက်ကို ယုံလွန်းတယ်၊ နှစ်ပေါင်းနှစ်ဆယ်ကျော်က ရလဒ်ကို အမှိုက်သရိုက်လို လွှင့်ပစ်တော့ မှာလား၊ သူတယောက်ထဲ ထင်တိုင်းကြဲနေတယ်၊ ဘယ်သူနဲ့မှ မတိုင်ပင်ဘူး စသဖြင့် စသဖြင့် ရေးကြသားကြ ဝေဖန်ကြ။
အဲသလို ရေးသားနေသူတွေ ကိုယ်တိုင်က နေ့တိုင်းနေ့တိုင်း ဘယ်လို အလုပ်တွေ တိုင်းပြည်အတွက်၊ လူ့အဖွဲ့အစည်း အ တွက် လုပ်နေသလဲ ဆိုတာတော့ စာဖတ်သူတွေ မသိကြဘူး။ မသိဆို စာရေးသူတွေ ကိုယ်တိုင်ကလည်း ထုတ်မှမပြော တာကိုး။ ဘာတွေလုပ်နေတယ်ဆိုတာကို မပြောတဲ့အပြင် နာမည်အရင်းနဲ့တောင် ဝေဖန်စာကို ရေးရဲကြတာမှ မဟုတ် တာ တွေ့ရပြန်တယ်။ နာမည်အရင်းအတိုင်း ဘာဖြစ်လို့ မရေးရဲသလဲ။ လူမုန်းခံရမှာ စိုးလို့။ ဘာကြောင့် လူမုန်းခံရမှာကို စိုးရိမ်တာလဲ။ သူတို့ဝေဖန်နေတဲ့ ဟိုမိန်းမကြီးကို လူတွေက ချစ်ခင်ကြ မေတ္တာရှိတာကိုး။ အဲသည်မှာ ကွာသွားတာပါပဲ။ ကွာချက်ကတာ့ နာတယ်နော။
အမှန်တကယ်ဆိုရင် ကျနော်တို့ဟာ အလုပ်ခွဲခြား လုပ်ကိုင်ခြင်းဆိုတာကို ကောင်းကောင်း နားမလည်ကြသေးဘူး။ စစ်ပွဲ တခုအတွင်းမှာ စစ်သူကြီး (ကွန်မင်ဒါ) က စစ်သူကြီးအလုပ်ကို လုပ်ရတာပဲ။ စစ်သူကြီးက တပ်တွေကို ဘယ်လိုဘယ် နေရာမှာ ထားမယ်၊ ဘယ်လို အတက်အဆုတ်လုပ်မယ်၊ ဘယ်နည်းဗျူဟာတွေ သုံးမယ် ဆိုတာကို တွက်ချက်ချမှတ် ရ တယ်။ တချိန်ထဲမှာလည်း ဘယ်လိုအကန့်အသတ်တွေ အခက်အခဲတွေ ရှိသလဲ ဆိုတာကိုလည်း မမေ့ဘဲ ထဲ့တွက်ရ သေးတယ်။ အဲသည်တော့ စစ်သူကြီးရဲ့ အလုပ်တွေ အောင်မြင်ဖို့အတွက် တပ်ရင်းမှူးတွေကလည်း သူတို့အလုပ်ကို သူ တို့လုပ်။ ရိက္ခာထောက်ပံ့တဲ့ ထောက်ပို့ကလည်း သူ့အလုပ်သူ လုပ်ရမှာပဲ။ ဆေးတပ်ကလူက ဆေးဖက်ဆိုင်ရာ လုပ်ငန်း ကို တာဝန်ကျေအောင်လုပ်၊ သယ်ယူပို့ဆောင်ရေး တာဝန်ယူရတဲ့သူတွေက သယ်ယူပို့ဆောင်ရေးကိုလုပ်၊ အင်ဂျင်နီယာ တပ်ကလည်း စစ်ချီနေတဲ့ တပ်တွေအတွက် လိုအပ်တဲ့ လမ်းတံတားတွေဆောက်ပေး၊ စစ်မြေပြင် ထောက်လှမ်းရေးက လည်း လိုအပ်တဲ့ သတင်းတွေ စုဆောင်းပေး စသဖြင့် ကိုယ်လုပ်ရမယ့် အလုပ်တွေကို တာဝန်ကျေအောင် ဆောင်ရွက်ရ မှာပေါ့။
အဲလိုမှ မလုပ်ကြဘဲ ကျန်တဲ့တပ်တွေက စစ်သူကြီးကို ဆင်ခြေတက်နေရင် တိုက်ပွဲတခုလုံး ကိုယ့်ဖက်က ဆုံးရှုံးသွားနိုင် တယ်။ ဒါဖြင့်ရင် ဆင်ခြေတက်ခွင့် မရှိဖူးလား။ ရှိတယ်။ သို့သော် တိုက်ပွဲတပွဲ ပြီးတဲ့အခါတိုင်း ပြန်သုံးသပ်ပြီး အရင်တိုက် ပွဲတွေက ရလဒ်ဘယ်လောက် ရှိတယ်၊ ဆုံးရှုံးမှု ဘယ်လောက်ရှိတယ် ဆိုတာကို စစ်သူကြီးကို ကျိုးကြောင်းဆီလျှော်စွာ တင်ပြနိုင်တယ်။ အဲသလိုမှ မဟုတ်ဘဲ စစ်ပွဲအတွင်းမှာ သခွတ်ပင်က မီးတကျည်ကျည် လုပ်နေကြရင် စစ်သူကြီးအဖို့ အ လုပ်လုပ်ဖို့ ခက်လိမ့်မယ်ဆိုတာကို နားလည်ဖို့တော့ လိုတယ်။
အခုလက်ရှိ မြင်နေသမျှကို ပြောရရင် ကျနော်တို့ရဲ့ စစ်သူကြီးဟာ စေ့စပ်ဆွေးနွေးရေးနည်းလမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အ ဖြေတခုရအောင် ဆောင်ရွက်မယ်လို့ သံန္နိဋ္ဌာန် အပြီးအပြတ်ချထားတယ်လို့ ယူဆတယ်။ ထိပ်တိုက်ရင်ဆိုင်ရေး လမ်း ကြောင်းကို ဘယ်လိုနည်းနဲ့မှ ဘာ့ကြောင့်မှ ဂငယ်ကွေ့လှည့်ပြီး သွားမှာမဟုတ်ဘူးလို့ တွက်လို့ရတယ်။ စေ့စပ်ဆွေးနွေး ရေးလို့ ပြောတာကြောင့် လူတွေလမ်းပေါ် မထွက်ရဘူးလို့ သူကမပြောပါ။ မပြောတဲ့အပြင် ပြည်သူတွေအနေနဲ့ သူတို့လို အပ်တာတွေအတွက် ငြိမ်းချမ်းစွာ အရေးဆိုတာဟာ အပြစ်တင်စရာ မဟုတ်သလို သူတို့ရဲ့ အခွင့်အရေး တရပ်ဖြစ်တယ် လို့ ပြောထားပြီးသားပါ။ စေ့စပ်ဆွေးနွေးနေတုန်းမှာလည်း နစ်နာနေတဲ့ လူ့အဖွဲ့အစည်းဟာ သူတို့နစ်နာ နေတာတွေကို ထုတ်ဖော်ပြသတောင်းဆိုဖို့ လိုပါတယ်။ ငြိမ်ငြိမ်လေး ထိုင်နေစရာ မလိုပါ။ ဒါဟာ လူသားတို့မှာရှိတဲ့ အခွင့်အရေး ဖြစ်ပါ တယ်။ ဒီနေရာမှာ ပြောလိုတာက လမ်းပေါ်ထွက်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတာဟာ ထိပ်တိုက်ရင်ဆိုင်ရေး လမ်းစဉ်ကို အ ကောင်အထည်ဖော်နေတာ မဟုတ်ဘူးဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုတယ်။ လူတွေရဲ့ ငြိမ်းချမ်းစွာ တောင်းဆိုမှုဟာ များသထက်များလာရင် အုပ်ချုပ်သူကလည်း ဒါဟာ ထိပ်တိုက်ရင်ဆိုင်ရေး မဟုတ်ပါကလား ဆိုတာကို တဖြည်းဖြည်း သဘောပေါက်သွားလိမ့်မယ်။ အဓိကကတော့ ဘာပဲ တောင်းဆိုတောင်းဆို ငြိမ်းချမ်းစွာ ဆောင်ရွက်ရေးပဲ။ ငြိမ်းချမ်းစွာ နှပ်နေတာကို ဆိုလိုတာမဟုတ်။
ငြိမ်းချမ်းစွာ တောင်းဆိုမှုတွေဟာ ထိပ်တိုက်ရင်ဆိုင်ရေး မဟုတ်ပေမယ့် နိုင်ငံရေးအရ ဖိအားပေးတဲ့ နောက်ထပ် အသွင် သဏ္ဌာန် တမျိုးဖြစ်တယ်။ ဘယ်လိုဖိအားပေးတာလဲ။ အုပ်ချုပ်သူကို ငြိမ်းချမ်းစွာ ဖိအားပေးတာသာ ဖြစ်တယ်။ ဘာဖြစ် လို့ ငြိမ်းချမ်းစွာ ဖိအားပေး တာလဲ။ အုပ်ချုပ်သူတွေက ဒီမိုကရေစီ လမ်းကြောင်းပေါ်မှာ တိုင်းပြည်တိုးတက်ရေးအတွက် စတင် အကောင်အထည် ဖော်နေပြီလို့ ပြောထားတာကိုး။ ဒီမိုကရေစီမှာ ငြိမ်းချမ်းစွာတောင်းဆို ဆန္ဒပြတာကို ခွင့်ပြု တယ်။ ဒီနေရာမှာ သူတို့ဖက်က ဒီမိုကရေစီလမ်းကြောင်းပေါ် သွားတာမဟုတ်ဘဲ လိမ်ပြောခဲ့တယ် ဆိုရင် ဒါဟာ သူတို့ရဲ့ အမှား ကျူးလွန်မှုသာ ဖြစ်တယ်။ တခြား ဘယ်သူနဲ့မှ မသက်ဆိုင်ဖူး။ အဲသည့်အတွက် ဒီမိုကရေစီကို တကယ်သွားမ သွား၊ သူတို့ လိမ်တာ ဟုတ်မဟုတ်ဆိုတာကို စောင့်ကြည့်ဖို့အတွက် စီးပွားရေးပိတ်ဆို့မှုဟာ ဆက်လိုနေသေးတယ်၊ တ ခြား နိုင်ငံတကာ ဖိအားတွေလည်းလိုတယ်။ လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍလည်း အတိုင်းအတာ တခု အထိ လိုနေဆဲပဲ။
ပြောရရင်တော့ အခုဖြစ်စဉ်ဟာ ခြုံကြည့်လိုက်မယ် ဆိုရင် မြစ်တစင်းလိုပါပဲ။ မြန်မာစာပေမှာတော့ မြစ်တို့၏မာယာ၊ မြစ် ကဲ့သို့ ကောက်ကွေ့သော မိန်းမ ဘာညာစသဖြင့် မြစ်နဲ့ နိုင်းကြတာတွေ ရှိပါတယ်။ တောင်စဉ်တောင်တန်းတွေ၊ ကျောက် ဆောင်တွေက ရှေ့မှာပိတ်ထားပြီး ဖြောင့်ဖြောင့်တန်းတန်း စီးဆင်းခွင့် မပေးတော့ မြစ်ဟာ ရတဲ့ဖက်ကနေ ကွေ့ကောက် ပြီး စီးရတယ်။ ဒါဟာ မြစ်က မာယာများခြင်း မဟုတ်။ မြစ်ရဲ့ ရှင်သန်မှုအတွက် မြစ်ဟာ ရတဲ့ဖက်ကနေ ထိုးဖောက်ကွေ့ ကောက် စီးဆင်းရတာသာ ဖြစ်တယ်။ မြန်မာစကားပုံတွေနဲ့ ဆန့်ကျင်ဖက်မှာ မြစ်တစင်း အကွေ့အကောက်များတာဟာ ကောင်းကျိုးလည်း ရှိသေးတယ်လို့ သိပံ္ပပညာမှာ ဆိုထားတယ်။ ရှည်လျှားပြီး အကွေ့အကောက်များတဲ့ မြစ်တစင်းဟာ သူ့ထက်ပိုပြီး ဖြောင့်ဖြောင့် တန်းတန်းစီးဆင်းတဲ့ မြစ်ထက် ငါးအပါအဝင် ရေနေသတ္တဝါ မျိုးစိတ်ပေါင်း မြောက်များစွာကို ရှင်သန်ခွင့် ပေးတယ်လို့ ဆိုထားတယ်။ ကွေ့ကောက်ရခြင်းရဲ့ အားသာချက်တခုလို့ ပြောလိုက ပြောနိုင်တယ်။
တောင်တန်းတွေ ကျောက်ဆောင်တွေ ကာဆီးထားလို့ ဖြောင့်ဖြောင့်တန်းတန်း စီးဆင်းခွင့် မရတာ မြစ်ရဲ့ အပြစ် မဟုတ် ဘူး။ မြစ်ဟာ မြစ်အလုပ်ကို လုပ်ပြီး စီးဆင်းနေရင် တာဝန်ကျေတယ်။ မြစ်ထဲလာပြီး ငါးမျှားတာ ငါးမရလို့ရေချိုးပြန်ကြတဲ့ သူတွေကတော့ မြစ်ကို အပြစ်တင်တာ မဆန်းပါဘူး။ သူတို့ အပြစ်တင်လို့လည်း မြစ်က စီးဆင်းနေတာကို ရပ်တန့်မပစ် ပါဘူး။ နောက်တချက်က ဘာတုန်းဆိုတော့ မြစ်ဆိုတာ မြစ်ဖြစ်လာကထဲက ခရီးအတူတူသွားနေတဲ့ ခရီးဖော် မြစ်လက် တက်တွေ၊ ချောင်းတွေ၊ မြောင်းတွေ၊ စမ်းချောင်းတွေ အဖော်ကောင်းအဖြစ် ရှိနေသေးတယ်ဆိုတာ တချို့က မမြင်ကြ ဘူး။ ဒါ့အပြင် ပြောလိုက်ရဦးမယ်။ မြစ်လက်တက်တွေ၊ ချောင်းတွေ၊ မြောင်းတွေ၊ စမ်းချောင်းတွေလည်း ကွေ့ကောက်ပြီး မှ စီးဆင်းရတယ်ဆိုတာကို မမေ့ကြပါနဲ့။
ဇော်မင်း
၂ ရက်နေ့၊ နိုဝင်ဘာလ၊ ၂ဝ၁၁ ခုနှစ်(နေ့သစ်)မှ ကူးယူတင်ထားပါသည်
Abonner på:
Kommentarer til indlægget (Atom)
No Response to "စစ်သူကြီးရယ် မြစ်တစင်းရယ်"
Send en kommentar