၂၀၁၀ အခါလည်

0
ဘာကြာလိုက်သတုန်း…။ ဘာလိုလိုနဲ့ ၂၀၁၀ ရွေးကောက်ပွဲ ပြီးခဲ့တာ (၁) နှစ်ရှိပြီ။
၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်ကြ၊ မဲရုံတွေဘက် ခြေဦးမလှည့်နဲ့၊ ၂၀၀၈ ဖွဲ့စည်းပုံကြောင့် ပေါ်ပေါက်လာတဲ့ တရားမျှတမှုကင်းမဲ့တဲ့ နအဖ ရွေးကောက်ပွဲ၊ အလိမ်အညာမဲပေးပွဲ၊ စစ်ကျွန်စနစ် အုတ်မြစ်ချမယ့် ရွေးကောက်ပွဲ၊ ရွေး ကောက်ပွဲသမားတွေဟာ ဒီမိုကရေစီရေးကို သစ္စာဖောက်သူတွေ၊ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ ရွေးကောက်ပွဲကို No.. တလုံးနဲ့ အံတင်းတင်းကြိတ် ပရိသတ်များစွာထဲမှာ ကျနော်လည်း ပါဝင်ခဲ့ပါတယ်။
နိုဝင်ဘာ (၇) ရက်၊ ရွေးကောက်ပွဲနေ့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်မလာခင်ထဲက ရပ်ကွက်ရုံးမဲစာရင်းမှာ ကျနော့် နာ မည် ပါ မပါ သွားကြည့်ခဲ့သလို ဘယ်ပါတီတွေ ဘယ်သူတွေ အမတ်လောင်းအဖြစ် ၀င်ရွေးခံကြသလဲဆိုတာ စေ့စေ့စပ် စပ် လေ့လာခဲ့ပါတယ်။ ရွေးကောက်ပွဲကို လက်မခံပေမယ့် ရွေးကောက်ပွဲနဲ့ပက်သက်တဲ့ ဘက်နှစ်ဖက်စလုံးက အ ကြောင်းခြင်းရာတွေကို မျက်ခြေပြတ်မခံခဲ့ပါဘူး။ ပညာတတ်ကို ကဲ့ရဲ့ဝေဖန်ချင်သူတယောက်အနေနဲ့ အနည်းဆုံး ၁၀ တန်းတော့ အောင်ထားဖို့ ကောင်းသလိုပဲ၊ ၂၀၁၀ ရွေးကောက်ပွဲကို မတရားဘူးလို့ ပြောဖို့ရာ ရွေးကောက်ပွဲနဲ့ ဆက်စပ်သမျှ ဖြစ်စဉ်အစုစုကို လေ့လာပြီး တတ်နိုင်သ၍ မှတ်တမ်းတင်ဖြစ်ခဲ့ပါတယ်။
သူများလက်ညှိုးထောင်ရင် လိုက်ထောင်လို့ မဖြစ်နိုင်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲကို ရင်ထဲကကို ခံစားလို့ မရတာပါ။
မဲရုံကိုသွားကြစို့လို့ ညာသံပေးတဲ့နေ့လည်းရောက်ရော ကျနော်တယောက် အထက (၃) စမ်းချောင်းမှာရှိတဲ့ မဲရုံဆီသို့ ရောက်ခဲ့ရပါတယ်။ သူငယ်ချင်းနဲ့ ၀င်းစတားဆိုင်မှာ ဘီယာနည်းနည်းမော့ပြီး ညနေ ၄း ၀၀ နာရီကျော်မှ မဲပေးရမယ့် မဲ ရုံဆီ ချီတက်ခဲ့ပါတယ်။ ကျနော်ရောက်တဲ့ညနေအထိ မဲလာပေးတဲ့သူတချို့ကို တွေ့ရပါတယ်။ မဲရုံအမှုထမ်းအများစုနဲ့ ပါတီတွေရဲ့မဲရုံကိုယ်စားလှယ်အချို့ဟာ ကျနော်နဲ့ မျက်မှန်းတန်းမိသူတွေ များပါတယ်။ လူက အရှိန်နဲ့မို့ ခြေသွက်လက် သွက်ရှိပေမယ့် နဂိုဆုံးဖြတ်ချက်အတိုင်း တည့်တည့်မှန်မှန်လုပ်နိုင်ခဲ့တာအတွက် မိမိကိုယ်ကို ကျေနပ်အားရမိပါတယ်။
တိုင်းဒေသကြီးအတွက်တခါ၊ ပြည်သူ့ လွှတ်တော်အတွက်တခါ၊ အမျိုးသားလွှတ်တော်အတွက်တခါ အားလုံးပေါင်း သုံး ကြိမ်သုံးခါ မဲပုံးထဲ မဲလက်မှတ်ထည့်ရပါတယ်။
ကိုယ့်မဲလက်မှတ်စာရွက်အပိုင်းလေးမှာပါတဲ့ အမတ်လောင်းလျာနာမည်၊ ကိုယ်စားပြုပါတီနာမည်နဲ့ ပါတီအမှတ်တံဆိပ် တို့ရဲ့ဘေးအကွက်ထဲ ကြိုက်နှစ်သက်တဲ့ဟာကို အမှန်ခြစ်လေး ခြစ်လိုက်ရုံပါပဲ။ ကျနော်ကလည်း ကျနော့်မစ်ရှင်နဲ့ ကျနော် လာခဲ့သူဆိုတော့ မစ်ရှင်ကိုရအောင် အကောင်အထည်ဖော်ရပါတော့တယ်။
မဲရုံကို မသွားကြနဲ့လို့ နှိုးဆော်ပေမယ့် ကျနော်လိုက်မလုပ်ပါဘူး။ မဲမထည့်ဖို့ အော်ကြပေမယ့် ကျနော် မနာခံပါဘူး။ကိုယ့် အထာနဲ့ ကိုယ်၊ ကိုယ့်သမ္ဘာနဲ့ ကိုယ်ပေါ့လေ။
တိုင်းဒေသကြီးအတွက် ရွေးချယ်ပေးရမယ့် ပါတီနှစ်ခုစလုံးကို ကျနော်ကြက်ခြေခတ်ပါတယ်။ ပြည်သူ့ လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်အတွက် ထို့အတူပါပဲ။
ဒါပေမယ့် …
ပြိုင်တဲ့နိုင်ငံရေးပါတီက လေးငါးခုလောက်ရှိတော့ ကျနော် တူးတူးခါးခါး မကြိုက်ဆုံးပါတီနှစ်ခုကိုပဲ ကြက်ခြေခတ်လိုက် ပါတယ်။ စာရွက်တရွက်ကို ကြက်ခြေခတ်ပြီးတိုင်း အသင့်ပါလာတဲ့ မိုဘိုင်းဖုန်းနဲ့ ဓာတ်ပုံရိုက် မှတ်တမ်းတင်ပါတယ်။ ခွင့် ပြု မပြု ကျနော် မသိပါဘူး။ ခိုးရိုက်တယ်လို့ ပြောမရသလို၊ ပြောင်ရိုက်တယ်လို့လည်း မဆိုနိုင်ပါဘူး။
အကယ်၍ မဲရုံတာဝန်ရှိသူက လာတားမြစ်ခဲ့ရင် ပြန်မေးမယ့်မေးခွန်းတွေ ကျနော့်ခေါင်းထဲ တန်းစီ ပြွတ်သိပ်နဲ့ ရယ်ဒီပါပဲ။ ပြဿနာအထွေအထူး မဖြစ်ဘဲ မဲပေးခန်းထဲက ပြန်အထွက် ရေဒီယိုမီဒီယာတခုက မဲထည့်တဲ့ကိစ္စမေးမြန်းဖို့ ဖုန်းဝင်လာ လို့ အဲဒီ့မဲပေးခန်းလေးအပြင်ဘက်ကပဲ ပြန်လှန်ဖြေကြားသမှု ပြုခဲ့ရပါသေးတယ်။ မဲရုံဝန်ထမ်းတို့ မဲရုံလုံခြုံရေးတို့ ကျနော့် ကို လှမ်းကြည့်နေကြပေမယ့် စောင့်ကြည့်အဆင့်နဲ့ ပြီးခဲ့ရပါတယ်။ အထက(၃) ထဲက ပြန်ထွက်ခဲ့ပြီး သူငယ်ချင်းနဲ့ ဆက် ၀ိုင်းလိုက်ပါသေးတယ်။ ရိုက်ခဲ့တဲ့ပုံတွေ ကြည့်ခိုင်းလိုက်တယ်။
သူငယ်ချင်းက ရှင်းပြရှာတယ်။ မင်းလုပ်ခဲ့တာ မဲပေးတာမှ မဟုတ်ဘဲ.. အင်း နေဦး၊ မဲမပေးတာလည်း မဟုတ်ပြန်ဘူး။ ပေးတော့ပေးတယ်.. မပေးဘူး.. ဒါလည်း မမှန်သေးဘူး။
နဂိုကတည်းက ကောင်းပြီး လည်နေတဲ့ ကျနော့် သူငယ်ချင်းတယောက် ပိုလည် ပိုကောင်းသွားပုံရပါတယ်။ ကဲပါကွာ.. ဒါတွေထား၊ ချကွာ.. ဆက်ချ ဆိုပြီး ချီးယားလုပ်တော့ …
သူက မချီးယားဘဲ ခုန ပုစ္ဆာကို မကြေလည်သေးတဲ့ပုံစံနဲ့ ဒါဆို.. မင်းဟာက ပယ်မဲကြီးပေါ့လို့  ဇွတ်ရစ်ပြန်တယ်။ ကျနော် ခေါင်းညိမ့်အဖြေပေးတဲ့အခါ ငတိက လက်ခုတ်လက်ဝါးတီးပြီး
မင်းတော်တယ်.. ဒါပေမယ့်..မင်းရှော်တယ်လို့  တိုင်ပတ်ပြန်ရော။ သူပြောတာက ပယ်မဲဖြစ်မယ့်အတူတူ မဲရုံသွားမနေပါ နဲ့လား၊ ပိုတောင်ဂုဏ်ရှိတာပေါ့၊ မင်းလို ၂၀၁၀ ဆန့်ကျင်ရေးသမားတယောက် မဲရုံထဲ ခပ်ကုပ်ကုပ် ၀င်သွားတာမြင်ကြရင် ဓာတ်ပုံတွေ ဗီဒီယိုတွေနဲ့ မှတ်တမ်းတင်ထားပြီး ၀ိုင်းဆော်ရင် မင်းကွဲပြီ..စသဖြင့် အာလေးလျှာလေးနဲ့ တော်ကီတွေ ပစ် နေပါရဲ့။
ဂျပန်မူလီတောင် အရှုံးပေးရမယ့် အရစ်ကျဲ အရစ်ကြီး။
သူ့စကား သူ့ဘာသာရပ်တော့မှ ငါ မဲရုံမသွားရင် ငါ့မဲကို မသမာသူလူရမ်းကားကြီးတွေက အပျိုရည်ဖျက်မှဖြင့်ကွာ ဆိုတဲ့ စကားတခွန်းနဲ့ ပြန်ချေပလိုက်တော့ သူငယ်ချင်းက…
ဘေးဝိုင်းတွေလှည့်ကြည့်မိအောင် ခုံကိုလက်ဝါးနဲ့ဖြန်းခနဲပုတ်ပြီး အော်ကြီးဟစ်ကျယ် ဟားတိုက်ရယ်တယ်။ ရယ်လို့ အ၀ရပ်တော့ သူ ဘာပြောတယ်မှတ်လဲ…။
“မင်း ငတုံး.. နိုင်ငံရေးသမား ငတုံး..မင်းကြိုက်တာလုပ်.. ဦးသန်းရွှေ ပါတီပဲ နိုင်ရမယ်။ ဒီဝိုင်းကို ရှင်းကြေး..” တဲ့ ဗျာ။
အောင်မျိုးထွန်း (နေ့သစ်)မှ ကူးယူတင်ထားပါသည်

No Response to "၂၀၁၀ အခါလည်"

Send en kommentar

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းပါတယ်။