NLD ရဲ့ ရွေးကောက်ပွဲ သီချင်း

0

ချက်ချင်းလွှတ်ပေး ခွပ်ဒေါင်းသွေး

0




                                              ချက်ချင်းလွှတ်ပေး ခွပ်ဒေါင်းသွေး


                                           ဒေါင်းတွေ ဒေါင်းတွေ ပြည်ပဝေ

                                           အော်သံတွေက ဆူညံနေ

                                           ရဲရင့်ဆုံးဖြတ် ရွှေခွပ်ဒေါင်း

                                           လှောင်အိမ်ထဲမှာ တည်ရှိနေ
  
                                           ခွပ်ဒေါင်းမှန်ရင် အမှောင်မကြောက်

                                           ဗိုလ်ချုပ်သွေးက တည်ရှိနေ

                                           ပြည်သူအတွက် ခွပ်ဒေါင်းကြီးများ

                                           ခြောက်ဆယ့်ငါးနှစ် ရင်ဆိုင်နေ

                                          ရုပ်သေးအစိုးရ ပြောသမျှကို မယုံနဲ့ဦး

                                          အောက်ခြေလူလတ် မွဲပြာကြနေ

                                          ယုံကြည်ချက်နှင့် လှောင်အိမ်ထဲမှာ
  
                                          ခွပ်ဒေါင်းတွေ မလွှတ်သ၍

                                          ဒီမိုကရေစီပန်းကြီး မလန်းဆန်းနိုင်

                                          တိုင်းပြည်မှာ အနှစ်မရှိ
  
                                          အနှစ်ရှိတဲ့လူသားတွေ ချက်ချင်းလွှတ်

                                           ငြိမ်းချမ်းသမှုပြုကြမယ့် ခွပ်ဒေါင်းတွေ 

                                                 ရွှေဝါရောင်နန္ဒာစရိယ                                 12.12.2011

ထာဝရငြိမ်းချမ်းရေးဆီသို့ . .

0
w78_10
စစ်နှင့် ငြိမ်းချမ်းရေးသည် ဒွန်တွဲနေသော အရာများဖြစ်သည်။ တည်နေရာကား အတူတူပင်ဖြစ်၏။ သို့သော် ဦးတည်ချက်ကားမတူ စစ်သည်မီးနှင့် တူ၏။ လောင်ကျွမ်း၏။ ပူလောင်၏။ ဖျက်ဆီးတတ်သည့် လက္ခဏာရှိ၏။ စစ်၏ကိုယ်ထည်သည် အတ္တကိုအားပေးသည်။ အတ္တ လွန်ကဲသူ မိမိအကျိုးစီးပွား ရှေ့တန်းတင်သူများသည် စစ်ကိုဖန်တီးကြ၏။ စစ်ပွဲများဆင်နွှဲကြသည်။ ငြိမ်းချမ်းရေးသည် စစ်နှင့်ဆန့်ကျင်ဘက် ဦးတည်ချက်တို့ ရှေ့ရှု သည်။ သီတာရေစင်နှင့် တူ၏။ အမြဲတမ်း လုံခြုံစိတ်ချမှုရှိသဖြင့် လူတိုင်းနှစ်သက်မြတ်နိုးပြီး တောင့်တမျှော်မှန်းကြသည်။ စစ်သည် အနိဋ္ဌာရုံ၊ ငြိမ်းချမ်းရေးသည် က္ကုဌာရုံ၊ စစ်၏အနာဂတ်မှာ မှေးမှိန်မှုန်ဝါး၍ အကျည်းတန် ရုပ်ဆိုးသည်။ ငြိမ်းချမ်းရေးအနာဂတ်မှာ မျှော်လင့်ချက်အလင်းရောင်ဖြင့် တောက်ပလှပလျှက်ရှိသည်။ အပြုသဘော အဖျက်သဘောလက္ခဏာ အသီးသီး ဆောင်ပါသည်။  
တစ်ခုသော ညနေခင်းကျောင်းဆင်းချိန်တွင် တိုက်ပွဲ၌ ကျဆုံးသွားသော တပ်မတော်စစ်သည် လေးဦး၏  အသုဘအခမ်းအနားသို့ လိုက်ပါပို့ဆောင်ရန် မိမိတို့၏ကျောင်းသား၊ ကျောင်းသူများကို ကျောင်းအုပ်ဆရာကြီးက ညွှန်ကြားပါသည်။ စစ်အခမ်းအနားဖြင့် သဂြိုဟ်မည်ဖြစ်၍ တစ် ကြိမ်တစ်ခါမျှ တွေ့ဖူးခြင်းမရှိပါ။ ထိုအချိန် မိမိတို့မြို့မှာ ဧရာဝတီမြစ်ဝကျွန်းပေါ်တွင်တည်ရှိပြီး နေရာအနှံ့ လက်နက်ကိုင်တိုက်ပွဲများ ဖြစ်ပွားနေသည်။ တပ်မတော်သားစစ်သည် လေးဦး၏ ရုပ်လောင်းကို နိုင်ငံတော် အလံလွှမ်းခြုံထားပါသည်။ဘေးတစ် ဖက်တစ်ချက်တွင် ကျန်တပ်ခွဲတစ်စုမှ စစ်သည်များ စစ်ဝတ်စုံအပြည့်အစုံဖြင့် တန်းစီနေရာယူထားကြသည်။ 
မိုးဦးကာလဖြစ်၍ မိုးရေစက်တို့က တဖျောက်ဖျောက်နှင့် ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်တိတ်ဆိတ်နေသည်။ ကြေကွဲဖွယ်ရာကောင်းသော စစ်ခရာသံက ကျွန်တော်တို့၏ နှလုံးသား အတွင်းသို့ ထိုးဖောက်ဝင်ရောက် လာသည်။ သေနတ်ပစ်ဖောက်အလေးပြု၍ တစ်ဆက်တည်းမှာပင် သင်သွားလိုရာသွားနိုင်ပြီဟူသော အမိန့်ပြန်တမ်းကို ဖတ်ကြားနေသည့် စစ်သည်တပ်ကြပ်ကြီး၏ အသံမှာ ဆို့နင်ကြေကွဲဖွယ်ရာဖြစ်သည်။ မိမိတို့၏ ပါးပြင်ပေါ်ဝယ် မဖိတ်မခေါ်ဘဲလျှက် ရောက်ရှိလာသော မျက်ရည်စက်များသည် ပြင်ပမိုးရေစက်တို့နှင့်အပြိုင် စီးကျနေပါသည်။
ကျဆုံးသွားသည့် စစ်သည်တစ်ဦး၏ နာမည်မှာ ကဗျာမဆန်လွယ်ကူ၍ ယနေ့တိုင် မှတ်မိနေသည်။ ရဲဘော် ပြာငွေသင်သွားလိုရာ သွားနိုင်ပြီဟူသော အမိန့်ပြန်တမ်းကို တစ်ဦးတည်းစိတ်ထဲတွင် ရေရွတ်နေမိသည်။
နောက်တစ်နေ့မနက် ဆေးရုံကြီးရင်ခွဲရုံရှေ့တွင်ရှိနေသော တစ်ဖက်လက်နက်ကိုင်အဖွဲ့အစည်းမှ အလောင်းများကို သွားရောက်ကြည့်ခဲ့သည်။ မျက်နှာတွင်သွေးမရှိ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။ ဆေးရုံကြီး၏ နံရံတွင် ကပ်လျှက်ထောင်ထားသည့် ဖရိုဖရဲသနားမည့်သူမရှိ အဖက်လုပ် ဂရုစိုက်သူမရှိနှင့် မကြာမီအဖော်မဲ့စွာဖြင့် သုသာန်တွင် မြေမြုပ်သင်္ဂြိုဟ်ခံရပေတော့မည်။
မိမိတို့ကလေးများပီပီ မျက်ရည်ကျ၊ ၀မ်းနည်းပူဆွေးခဲ့ကြသည်။ ကျဆုံးသွားသော နှစ်ဖက်လက်နက်ကိုင် အဖွဲ့အစည်းများမှ မိဘဆွေမျိုးသား မယားများဆိုလျှင် အတိုင်းအဆမရှိ ပူဆွေးသောက ရောက်ရှိနေမှာ အသေအချာပင်ဖြစ်သည်။ အငြိုးအ တေး အထောက်ရန်ငြိုးရန်စမရှိ တစ်ယောက်နှင့်တစ်ယောက် တစ်ခါမျှပင် တွေ့မြင်ခြင်းမရှိဘဲ သဲကြီးမဲကြီး မညှာမတာ ရက်ရက်စက်စက်သတ် ဖြတ်နေကြသည်မှာ ရင်နင့်ဖွယ်ဖြစ် သည်။ အကြောင်းတရားရှိရပေမည်။ ဤသည်မှာ ဘ၀တွင် ပထမဆုံးအကြိမ် ကြုံတွေ့ခဲ့ရသော ပြည်တွင်းစစ်ကြီး ၏ မနှစ်မြို့ဖွယ်ရာ အနိဋ္ဌာရုံမြင်ကွင်းဖြစ်သည်။တစ်ချိန်က ရန်ကုန်မြို့လယ် ရုပ်ရှင်ရုံတစ်ရုံ၌ ပြသခဲ့သော ဂျပန်သတင်းထောက်တစ်ဦး၏ ကိုယ်တိုင်ကိုယ်ကျ ဗီယက်နမ်စစ်မြေပြင်သို့ သွားရောက်ပြီး သတင်းမှတ်တမ်းများရိုက်ကူး၍ စုစည်းတင်ပြထားသော (Blood, Tear and grave)သွေးမျက်ရည်သင်္ချိုင်းဟူသော စစ်သတင်း မှတ်တမ်းရုပ်ရှင်ကားကို ကြည့်ရှုခဲ့ပါသည်။
ဗီယက်နမ် လူမျိုးတို့၏ ရိုးရာ ထုံးစံအတိုင်း ဘဲဥအမွှေးတိုင် စားသောက်ဖွယ်ရာများနှင့်အတူ မိမိတို့၏ သေဆုံးသွားသော လင်ယောက်ျားများ၊ သားတော်မောင်များ မြှုပ်နှံထားသော မြေကမူများပေါ်တွင် သွားရောက်ဆုတောင်း ငိုကြွေးနေကြသော မုဆိုးမများ၊ မိဘညီအစ်ကို မောင်နှမများနှင့် ဗိယက်ကောင်ဟု ယူဆရသောသူများကို လူမြင်ကွင်းတွင် ပစ်သတ် သုတ်သင်နေပုံများ၊ မှောင်ခိုဈေးကွက်ကြီးအတွင်း အရောင်းအ၀ယ် ပြုလုပ်နေပုံများ၊ ည ကလပ်များတွင် ပျော်ပါးစားသောက်နေသော ကြေးရတတ် လူရည်လည် လူတန်းစားပျက်များစသည့် ရှုထောင့် အသီးသီးမှ စစ်၏အနိဋ္ဌာရုံများကို တင်ပြသွားသည်မှာ အသွင်အပြင်အားဖြင့် မတူညီသော်လည်း အနှစ်သာရအားဖြင့် မိမိတို့တိုင်းပြည်တွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကြီးကဲ့သို့ သွေးမျက်ရည်သင်္ချိုင်းတို့သည်ထပ်တူ လျှက်ရှိပါသည်။
ငြိမ်းချမ်းရေး၏ အစွန်းတစ်ဖက်ဖြစ်သော စစ်၊ စစ်ပွဲ၊ စစ်အတတ်ပညာ၊ စစ်ဝါဒ၊ စစ်ဝါဒီ၊ စစ်အုပ်ချုပ် ရေးစသည့် စစ်နှင့်ပတ်သက်သော စကားလုံးတို့သည် နေ့စဉ်ကြားသိနေရသော စစ်ရေးဝေါဟာရများဖြစ်သည်။ စစ်၊ စစ်ပွဲဟူသေည် ပဋိပက္ခ ပြဿနာတစ်ရပ်ကို အကြမ်းဖက် လက်နက်စွဲကိုင်၍ ဖြေရှင်းသည့်နည်းဖြစ်သည်။ ကျူးကျော်စစ်၊ ခုခံစစ်၊ တရားသောစစ်၊ မတရားသောစစ် ဟူ၍ ခွဲခြားသတ်မှတ်ထားသည်။ ထိုးစစ်ခံစစ်၊ တန်ပြန်တိုက်စစ်၊ ခံစစ်ရှင်၊ လျှပ်တပြက် ထိုးစစ်၊ ပြောက်ကျားစစ်ဆိုသည်တို့မှာ သေနင်္ဂဗျူ ဟာ စစ်အတတ်ပညာများဖြစ်သည်။

ငြိမ်းချမ်းရေးမပါရှိသော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်မှုများသည် တက်မပါသော လှေကိုလက်ဖြင့်ယက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ မှန်ကန်သော ထင်သာမြင်သာရိုးသားဖြူစင်သည့် ပြောင်းလဲမှုများသည်သာ လက်တွေ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ပေါ်အောင် ဖော်ဆောင်ပေးနိုင်မည်ဖြစ်သည်  . . .
မိမိတို့နားရည်ဝနေသော မြင်းစီး၊ ဆင်စီး၊ ဓားခုတ်၊ လှံထိုး အဋ္ဌာရသ တစ်ဆယ့်ရှစ်ရပ်မှာ စစ်ပညာ၏ အစိတ်အပိုင်းများဖြစ်သည်။ စစ်ပညာသည် မိမိကိုယ်ကိုခုခံကာကွယ်ရန်အတွက် သင်ကြားတတ်မြောက်အပ်သော အတတ်ပညာဖြစ်သည်။  စစ်ပညာအတတ်ကို ကျွမ်းကျင်သင်ကြားတတ်သောသူများ၊ စုစည်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းတစ်ရပ်ကို စစ်တပ်ဟူ၍ ခေါ်ဆိုသည့်အပြင် (Profession) အဖွဲ့အစည်းတစ်ခုလည်း ဖြစ်သည်။ ဆရာဝန်သည် မိမိကျွမ်းကျင်သည့် ဆေးပညာဖြင့် အသက်မွေးဝမ်းကျောင်းပြုသကဲ့သို့ စစ်အတတ်ပညာကျွမ်းကျင်သူများကလည်း မိမိတတ်ကျွမ်းသည့် စစ်ပညာများဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသူများ ဖြစ်ကြ သည်။ စစ် ပညာ၏ အခြေခံသဘာဝများမှာ ကျူးကျော်စော်ကား ညှဉ်းပန်းနှိပ်စက်ရန်မဟုတ်ဘဲ ခုခံကာကွယ်ရေး သဘောသက်သက်သာ ဖြစ်သည်။အစဉ်အမြဲ သတိရှိရှိ ကာကွယ်နိုင်ရန်အတွက် အမြဲတမ်း ကာကွယ်ရေး တပ်မတော်များ (Regular Army)ဖွဲ့စည်း ထားရှိပါသည်။ သို့ရာတွင် တကယ်လက်တွေ့ စစ်ပွဲကြီးများတွင် အရေးပါသော ပြည်သူများက အရန်တပ်မတော် (Volun Teer) အပျော်တမ်းတပ်သားများအဖြစ် ပါဝင်ဆင်နွှဲ ပါသည်။ လက်နက်ရိက္ခာ ထောက်ပံ့ပေးနေသော ပြည်သူများ၏ အသက်စည်းစိမ်တို့ကို စောင့်ရှောက်ကာကွယ်ရန် ရည် ရွယ်ဖွဲ့စည်ခြင်း ဖြစ်သည်။
လက်နက်ကိုင်ဆောင်ထားသော အဖွဲ့အစည်းး ဖြစ်၍ အမိန့်ပေးစနစ်ဖြင့် စည်းကမ်းတကျ အုပ်ချုပ်စီမံရသည့်အပြင် စစ်တပ်၏ အခြေခံအချက်မှာ အမိန့်ကို နာခံခြင်းဖြစ်သည်။ ပြည်သူများ၏ အမိန့်ကို ဦးတည်ထမ်းရွက်ရမည်ဖြစ်ပါသည်။ သို့မှသာ (Professional) ပီသသော တပ်မတော်ကြီးတစ်ရပ် ဖြစ်လာပေမည်။ နိုင်ငံတော်ကို ကာကွယ်ရန်ဆိုသည်မှာ လူတစ်စုကို ကာကွယ်ရန်အတွက် အာဏာရှင်များသုံးစွဲခဲ့သော စကားလုံးဖြစ်သည်။ အမှန်စင်စစ်ပြည်သူ၏ အသက်စည်းစိမ်များနှင့် သတ်မှတ်ထားသော နိုင်ငံ၏ နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်ခြင်းသာ ဖြစ်သည်။
တစ်ဆက်တည်း စစ်ဝါဒီ၊ စစ်ဝါဒ၊စစ်အုပ်ချုပ်ရေးနှင့် ပတ်သက်၍ ပထမကမ္ဘာစစ်နှင့် ဒုတိယကမ္ဘာစစ်ကြီးတို့သည် စစ်ဝါဒကို အကောင်အထည်ဖော်သည့် စစ်ဝါဒီများကို ကမ္ဘာပြည်သူများက စည်းလုံးညီညွတ်စွာ ခုခံ တိုက်ခိုက်ခဲ့သည့် စစ်ပွဲကြီးများသာ ဖြစ်သည်။ ကာကွယ်ရေး တပ်မတော်ကြီးတစ်ခုလုံးကို မိမိတစ်ဦးတည်းလက်ဝယ် ကြီးအုပ်သိမ်းပိုက်၍ ခုံသမာဓိလူကြီးမင်း ကယ်တင်ရှင်များသဖွယ် တိုင်းပြည်ကို အမိန့်ပေးစနစ်ဖြင့် တရားဥပဒေကင်းမဲ့စွာ အုပ်ချုပ်သော စနစ်ကို စစ်ဝါဒဟူ၍ ခေါ်နိုင်ပါသည်။  တစ်ပါတီအာဏာရှင်နိုင်ငံများတွင် ပါတီသာအမိ၊ ပါတီသာအဖ စစ်တပ် ပုံစံအတိုင်းအဖွဲ့ထားပြီး အမိန့်ပေးစ နစ်တစ်နည်းအားဖြင့် ဗဟိုဦးစီးချုပ် ကိုင်မှုဖြင့် အုပ်ချုပ်နေသော စနစ်ဖြစ် သည်။ စစ်အေးကာလတစ်လျောက် လုံးတွင် မဖွံ့ဖြိုးသေးသော နိုင်ငံငယ် အများအပြားတွင် (Army's coup) စစ်အာဏာသိမ်းပွဲများ ဖြစ်ပေါ်ခဲ့သည်။ စစ်အာဏာသိမ်းပြီးသော နိုင်ငံများတွင် အမှောင်ခေတ်သို့ ရောက်ရှိသွားပြီး ဆင်းရဲမွဲတေမှုများ ညှဉ်းပန်းနှိပ်စက်မှုများ၊ အနိဋ္ဌာရုံများဖြင့် ပြည့်လျှံနေကြသည်။ 
ပြည်တွင်းစစ်(Civil war)ကို အထူးဖော်ပြရေးသားလိုပါသည်။ ကျွန်တော်တို့နိုင်ငံတွင် ပြည်တွင်းစစ်ကြီးမှာ နာတာရှည် လူမမာကြီးဖြစ်နေသည်။ လွတ်လပ်ရေးရပြီးသည်မှ ယနေ့အထိ အဆက်မပြတ် ဖြစ်လျှက်ရှိသည်။ အိမ်နီးချင်း အာဆီယံနိုင်ငံများတွင် ဆန့်ကျင်ဘက် လက်နက်ကိုင်အဖွဲ့အစည်းများ မရှိသလောက်ဖြစ်နေ၍ တိုင်းပြည်ဖွံ့ဖြိုးရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်လျှက်ရှိ ကြသည်။ မိမိတို့သမိုင်းတွင် ရှည်ကြာစွာဖြစ်ပွားခဲ့သော ပဲခူး-ဟံသာဝတီနှစ် လေးဆယ်စစ်ပွဲနှင့်အခြား ပဒေသရာဇ်မင်းများအချင်းချင်း နယ်မြေလု အင်အားပြိုင်စစ်ပွဲများကို လေ့လာနိုင်ပါသည်။ လက်နက်နိုင်ငံတော်ကြီးတွေ တည်ဆောက်ခဲ့ကြသည်။ နောက်တက်သည့် အရည်အချင်းညံ့ဖျင်းသော မင်းလက်ထက်တွင် အင်အားချည့်နဲ့၍ လက်နက်နိုင်ငံတော်ကြီးများ ပြိုကွဲခဲ့ကြသည်။ လက်နက်ဖြင့် နိုင်ငံတော်ရေရှည်ငြိမ်းချမ်းမှုကို ထိန်းသိမ်းရန် မလွယ်ကူကြောင်း လေ့လာနိုင်သည်။ လက်နက်သည် စစ်ပွဲ၏ လိုအပ်သော အစိတ်အပိုင်းတစ်ရပ်သာ ဖြစ်ပါသည်။
ယနေ့အချိန်အခါတွင် တော်လှန်ရေးပါတီများ၏ လက်နက်ကိုင် တိုက်ပွဲများမှာ မှေးမှိန်ပျောက်ကွယ်ခဲ့သော်လည်း လူမျိုးစုလက်နက်ကိုင် ပဋိပက္ခမှာ ဆက်လက်ဖြစ်ပွား ကျန်ရှိနေပါသည်။ အဓိကလိုအပ်နေသော အချက်နှစ်ရပ်ကြောင့် ဖြစ်နိုင်ဖွယ်ရှိသည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်မှုအားနည်းခြင်းနှင့် အကြောက်တရားများ လွှမ်းမိုးနေခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။ တိုင်းရင်းသား လူမျိုးစုများအပါအ၀င် ပြည်ထောင်စုကြီးတစ်ခုလုံး အတွက် အကာအကွယ်ပေးထားသော တရားဥပဒေကြီးစိုးသည့် အုပ်ချုပ်ရေးမဏ္ဍိုင်စနစ်တစ်ရပ်ကို မဖြစ်မနေ ၀ိုင်းဝန်းကြိုးပမ်း အကောင်အထည်ဖော် လုပ်ဆောင်ရမည်ဖြစ်သည်။ သို့မှသာ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ယုံကြည်မှုများဖြင့် သံသယကင်းစွာ ဆက်ဆံနိုင်လိမ့်မည်။ စစ်တပ်(သို့) လက်နက်ကိုင် အဖွဲ့အစည်းတစ်ရပ်သည် နယ်မြေတစ်ခုကို (Occupy) သိမ်းပိုက်ပြီးနောက် အ ခြေအနေအရ ပြန်လည်ဆုတ်ခွာရမည်ဆိုလျှင် စစ်ဝေါဟာရအရ အကျအဆုံး၊ အဆုံးအရှုံးနည်းပါးစွာဖြင့် (Successfully Retreat) အောင်မြင်စွာ ဆုတ်ခွာခြင်းဖြစ်သည်။ သာဓကအနေဖြင့် ဂျပန်ထိုးစစ်ကြောင့် အင်္ဂလိပ်တပ်များ မြန်မာပြည်မှ အင်းဖားအထိ ဆုတ်ခွာမှု၊ မဟာမိတ်တပ်များ ၏ ကမ္ဘာကျော်ဒန်တပ်ဆုတ်ခွာမှုကြီးများ ဖြစ်သည်။ 
စစ်သေနဗျူဟာရ အောင်မြင်စွာသိမ်းပိုက်ရေးထက် အောင်မြင်စွာဆုတ်ခွာခြင်းသည် ပိုမိုနူးညံ့သိမ်မွေ့ခက်ခဲ၍ သေနင်္ဂဗျူဟာမြောက်ပါသည်။ နိုင်ငံရေးအနှစ်သာရ မဆောင်သော ယာယီငြိမ်းချမ်းရေးသည် အချိန်အခါမရွေး ပြင်းထန်စွာ ထပ်မံပေါက်ကွဲနိုင်ပါသည်။ ဘုရင်မင်းခေါင်နှင့် ရာဇဓရာဇ်မင်းနှစ်ပါးတို့၏ နှစ်လေးဆယ်ကြာစစ်ပွဲသည် မိုးတွင်းအခါ စပါးစိုက်ရိက္ခာစု မိုးကုန်ပွင့်လင်း နွေဦးရာသီတွင် ပြန်လည်တိုက်ခိုက်သဖြင့် ငြိမ်းချမ်းမှုမရဘဲ စစ်ပွဲများအား ဆက်လက်ဖြစ်ပွားစေပါသည်။ မြန်မာ့ရိုးရာလက်ဝှေ့ပွဲများတွင် အနားယူ၊ အနားတောင်းပြီးနောက် သက်လုံကောင်းကောင်းဖြင့် ဆက်လက်ယှဉ်ပြိုင်နေသကဲ့သို့ ဖြစ်သည်။ ဖဆပလနှင့် မဆလခေတ်များတွင် တွေ့ဆုံဆွေးနွေးခဲ့သော ပြည်တွင်းငြိမ်းချမ်းရေး ဆွေးနွေးမှုများတွင် တစ်ဖက်နှင့် တစ်ဖက်စွပ်စွဲမှုများ၊ ငြင်းခုံမှုများ တစ်ဖက်သတ်တင်ပြမှုများဖြင့် ယုံ ကြည်မှုကင်းမဲ့စွာ အဆုံးသတ်ခဲ့ပါသည်။
အခြားတစ်ဖက်တွင် မိမိတို့ပေါ် လွှမ်းခြုံထားသော အကြောက်တရားများကို ရဲဝံ့စွာဖြေရှင်းသင့်သည်။ မိမိခေတ္တသိမ်းယူထားသော လုပ်ပိုင်ခွင့်အာဏာကို လက်လွှတ်ဆုံးရှုံးရမည်ကို စိုးရိမ်ထိတ်လန့်နေစရာမလိုဘဲ ပြည်သူထံသို့ အပြည့်အ၀ ပြန်လည်ပေးအပ်ခြင်းသည် တရား နည်းလမ်းအကျဆုံး လက်တွေ့လုပ်ရပ်ပင်ဖြစ်သည်။ ထိုအကြောက်တရား နှစ်ခုကြားတွင် မိမိတို့ လိုလားတောင့်တနေသော ထာဝရငြိမ်းချမ်းရေးမှာ မှေးမှိန်ပျောက်ကွယ်နေလျှက်ရှိသည်။
ပြည်တွင်းစစ်ကြီးအတွင်း အသက်စည်းစိမ် အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးမှုများဖြင့် ပေးဆပ်ခဲ့ရပြီးဖြစ်သည်။ သည့်ထက်ပို၍ဆိုးသည်မှာ အကျင့်စရိုက်၊ သိက္ခာ၊ စာရိတ္တ၊ စာနာမှုဟူသော စိတ်ဓာတ်ရေးရာများ ပျက်ပြား ခဲ့ရခြင်းနှင့်အတူ အစားထိုး၍မရနိုင်သော ခါးသီးသည့် ရင်နင့်ဖွယ်ရာစိတ်ဒဏ်ရာ ဒဏ်ချက်များသည် တန်ဖိုးဖြတ်၍မရသော ကြီးမားသည့် ဆုံးရှုံးမှုကြီးတစ်ရပ်ဖြစ်သည်။ ပြည်နာမှငွေရှာကောင်းသူများ၊ ဇာတ်ပျက် လူတန်းစားများ၊ ကပ်ပါးကောင်များ၊ ငတေမာလျှင် ပြီးရောဟူသောသူများ အကျင့် ပျက်ဝန်ထမ်းများ ပေါ်ပေါက်လာပြီး ထိုသူတို့၏ အောက်တန်းကျသော စိတ်ဓာတ်နှင့်လုပ်ရပ်များကြောင့် အဂတိလိုက်စားမှု၊ ဆင်းရဲမွဲတေမှု၊ အသိတရားခေါင်းပါးမှု အစရှိသော ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်စေခဲ့သည်။
ထာဝရငြိမ်းချမ်းရေးအတွက် အားနည်းနေသော၊ ပြင်ဆင်ဖြည့်စွက်ရန်လိုသော၊ အဟန့်အတားဖြစ်သော၊ အချိန်အခါနှင့် မကိုက်ညီသော၊  အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ ဥပဒေပြုရေးဆိုင်ရာ အသီးသီးတွင် ယုံကြည်မှုရှိရှိ၊ အကြောင်းတရားကင်းကင်းဖြင့် မှန်ကန်သော နည်းလမ်းများ ချမှတ်အကောင်အထည်ဖော်ရန် အချိန်ကျရောက်နေပြီ ဖြစ်သည်။ နူးညံ့သိမ်မွေ့ပျော့ပျောင်းသော ဒီမိုကရေစီပြောင်းလဲရေးအစပိုင်း၌ တာဝန်ရှိသူများအပါအ၀င် ငြိမ်းချမ်းရေး ဒီမိုကရေစီအင်အားစုများအတွက် သတိကြီးစွာဖြင့် ထိလွယ်ရှလွယ် အမှားလုံးဝမခံသော အခြေအနေတစ်ရပ်ဖြစ်သည့်အပြင် လက်လွတ်မခံနိုင်သော အခွင့်အရေးတစ်ရပ်လည်း ဖြစ်သည်။ လာခြင်း ကောင်းသောအစဖြစ်လျှင် အဆုံးသတ်မှုလည်း အပြုသဘောဆောင်သည့်ဘက်သို့ ဦးတည်ရာဖွယ်ရှိသည်။ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်၏ အမှန်တရားနှင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်အရှိ တရားများ ပေါင်းစပ်ညှိနှိုင်းမှု တူညီ သောဘုံရပ်တည်ချက်များဖြင့် တိုင်း ပြည်ဖွံ့ဖြိုးတိုးတက်ငြိမ်းချမ်းရေးတို့ လုပ်ဆောင်အောင်မြင်ခြင်းသည်သာ လျင် အခြေခံအကျဆုံးလုပ်ငန်းစဉ် ဖြစ်သည်။ မတူတာ ခေတ္တဖယ်ထား ၍ တူညီတာတွေ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ 
တိုင်းပြည် တည်ဆောက်ရေးနှင့် ကာကွယ်ရေးတာဝန် ၀တ္တရားများတွင် တပ်မတော်သည် အမှန်တကယ် လိုအပ်မည်ဖြစ်သော်လည်း ငြိမ်းချမ်းရေး၏ တစ်ဖက်စွန်းဖြစ်သော စစ်ဝါဒီ၊ စစ်ဝါဒ စစ်အုပ်ချုပ်ရေးတို့ကား မိမိတို့နှလုံးသားမှ အမှန်တကယ်ဖယ်ရှားရမည့် အရာများဖြစ်သည်။ မျိုးဆက်သစ် စစ်ခေါင်းဆောင်များသည် တပ်မတော်၏ ဂုဏ်သိက္ခာကို ပြန်လည်မြှင့်တင်ပေးမည့် သူများ၊ အသစ်တစ်ဖန် ပြန်လည်မွေးဖွားသူ ပေးမည့် သူများဟု ယုံကြည်ပါသည်။ ပြည်တွင်းစစ်ကြီးမှပေးခဲ့သော အမွေဆိုးများ၊ ပြဿနာများ၊ အခက်အခဲများကို ဖြေရှင်းရာတွင် ငြိမ်းချမ်းရေးသည် ပထမ၊ ငြိမ်းချမ်းရေးသည် ဒုတိယ၊ ငြိမ်းချမ်းရေးသည် တတိယဟူ၍ ခံယူဖြေရှင်းသင့်ပါသည်။ ငြိမ်းချမ်းရေးမပါရှိသော တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဆောင်မှုများသည် တက်မပါသော လှေကို လက်ဖြင့် ယက်နေခြင်းသာ ဖြစ်ပေလိမ့်မည်။ မည်သို့ပင်ဖြစ်စေ မှန်ကန်သော ထင် သာမြင်သာရိုးသားဖြူစင်သည့်ပြောင်း လဲမှုများသည်သာ လက်တွေ့ငြိမ်း ချမ်းရေးလုပ်ငန်းစဉ်များကိုအကောင် အထည်ပေါ်အောင် ဖော်ဆောင်ပေး နိုင်မည်ဖြစ်သည်။ စိတ်ရှည်မှု၊ သ ဘောထားကြီးမှု၊ ခွင့်လွှတ်စာနာမှု၊ အပြန်အလှန် လိုက်လျောမှုအချက်များသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်ရမည့် လက်တွေ့အခြေခံ အချက်များဖြစ်သည်။ အပြုတ်တိုက်ရေး အမြစ်ပြတ်ချေမှုန်းရေးတို့သည် လက်နက်ဖြင့်ဖြေရှင်းသော ယာယီ ငြိမ်းချမ်းရေးသာ ဆောင်ရွက်နိုင်ပြီး တကယ်လက်တွေ့တွင်မူ စိတ်ဓာတ် ဒဏ်ရာဒဏ်ချက်များဖြင့် ပြည့်နှက်နေသော ငြိမ်းချမ်းရေး အတုအယောင်များသာ ဖြစ်ပေလိမ့်မည်။ အာဖရိက ပြည်တွင်းစစ်ပွဲများတွင် အများအားဖြင့် အင်အားကြီးသော လူမျိုးစုများသည် အင်အားနည်းသော လူမျိုးစုများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်နေသော လူမျိုးတုံး စစ်ပွဲကြီးများဖြစ်သည်။ စိတ်ဒဏ်ရာ ဒဏ်ချက်ဟု ခေါ်ဆိုနိုင်သော အမုန်း၊ ရန်ငြိုး၊ အာဃာတ၊ အပြန်အလှန် လက်စားချေ တုံ့ပြန်မှုများဖြင့် စဉ်ဆက်မပြတ်သတ်ဖြတ်နေသော လူမျိုးစုမျိုးတုံးရေး စစ်ပွဲကြီးများဖြစ်၍ ငြိမ်းချမ်းရေးအစစ်အမှန်နှင့် အလှမ်းဝေးလျှက်ရှိသည်။ သံဝေဂယူစရာ ထိတ်လန့်စရာဖြစ်သည်။
ဂွစာ စာရေးဆရာကြီးဟု ထင်ရှားသည့် ဘားနတ်ရှော့တ်၏ (Man and Arm) လူနှင့်လက်နက် ပြဇာတ်ကို ဆရာဗန်မော်တင်အောင်သည် ဗိုလ်ကြီးချောကလက်အမည်ဖြင့် မြန်မာပြန်ဆိုရေးသားခဲ့သည်။ ထိုပြဇာတ်၌ ကျည်ဆန်များသည် စားသုံး၍မရသော အရာများဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကာလတွင် မည်သို့မျှ အသုံးမ၀င်ကြောင်း၊ ဘ၀ရှင်သန်မှုအတွက် ကျည်ဆန်များထက် ချောကလက်များက ပိုမိုအသုံးဝင်ကြောင်း ပြောင်လှောင် ရေးသားထားသည်။ မိမိတို့ဘ၀ ရှင်သန်ရေးအတွက် ချောကလက်ကဲ့သို့ စားသုံးကုန်၊ လူသုံး ကုန်များကို အာရုံစိုက်ဂရုပြုခြင်းသာ အာမခံချက်ပေးမည့် အရာဖြစ်သည်။
- ရဲဘော်ပြာငွေ သင်သွားလိုရာသွားနိုင်ပြီဟူသော အမိန့်ပြန်တမ်းများ၊
- သွေးမျက်ရည် သင်္ချိုင်းဖုံးလွှမ်းနေသော အနိဋ္ဌာရုံများ၊
- ရင်ဝတည့်တည့်သို့ ရောက်လာမည့် ကျည်ဆန်များ၊
- ခါးသည်းသော စိတ်ဓာတ်ရာဒဏ်ချက် ပုံရိပ်ဆိုးများ
 အစရှိသည့် ပြည်တွင်းစစ်ကြီး၏ ရင်နင့်ဖွယ်ရာ အမှောင်ညများကို ကျော်ဖြတ်၍ ဆန့်ကျင်ဘက်ဦးတည်ရာဖြစ်သော စိတ်သစ်ခွန်အားသစ်ကို ပေါ်အောင် အကောင်အထည်ပေးမည့် အနာဂတ်ထာဝရ ငြိမ်းချမ်းရေးရောင် ခြည်ကို မျှော်လင့်တောင့်တ လက်ကမ်းကြိုဆိုလျှက်ရှိပါသည်။
Written by ဦးဇော် (အောင်ဆန်း)   
Sunday, 20 November 2011 15:54(http://news-eleven.com/)ကူးယူထားပါသည်

အလွမ်းလွယ်အိတ်၏ ၇၈

0

မိုးမိုးနှင်း
နိုဝင်ဘာ ၁၈၊ ၂၀၁၁


နိုဝင်ဘာ ၀င်ကတည်းက ဘာရယ်မသိ။ သူရဲ့လွယ်အိတ်ကလေးကို တတမ်းတတ ဖြစ်နေခဲ့သည်။

မြန်မာပြည်အရေး စာမျက်နှာခပ်သစ်သစ်များအပေါ်ရောက်ရှိလာစဉ် ရောင်ခြည်တမျှော်မျှော်နှင့် လွယ်အိတ်ကလေးများမျိုးစုံ ဓာတ်ပုံအစုံ စုံတွင် အင်တာနက်မှတဆင့်တွေ့ရှိလာရ၍ ဖြစ်မည်ထင်သည်။ သြော် လွယ်အိတ်လူသားများပါတကား။ စိတ်ကောင်းစေတနာကောင်းများဖြင့် အနစ်နာခံမှုသရဖူဆောင်းနိုင်သည့်လွယ်အိတ်လွယ် “တို့မြန်မာများ” ပါတကား။ သူ၏စာပေ၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး၊ ပညာရေး ရဲဘော်ရဲ ဘက်များပင် ဖြစ်တန်ရာသည်။

သူကတော့ဖြင့် ဆေးလိပ်၊ မျက်မှန်၊ ပိုက်ဆံ၊ မီးခြစ်ပါတဲ့။ ဆေးလိပ်က မချိတင်ကဲ ထိပ်ဆုံးကအရေးပါနေခဲ့သည်။ ဒါလေးတော့မဖြုတ် လိုက်ပါနဲ့သမီးရယ်.. တဲ့။ အဖေက ကဗျာဆရာပါတဲ့။

ထိုထိုနှီနှီ လွယ်အိတ်ကလေးသာ အသက်ရှိနေခဲ့ပါလျှင် (၁၉) ရက် နိုဝင်ဘာသည် သူ၏ (၇၈) နှစ် မွေးနေ့မင်္ဂလာဖြစ်မည်။ သူမကတော့ စိတ်ထဲကရောက်ရာ ဘာရယ်မဟုတ် ကဗျာတပုဒ်ရေးခြစ်မိသည်။ သူမတို့၏မွေးနေ့တွေတိုင်း သူရဲ့လက်ဆောင်က လှပသော မွေးနေ့ကဗျာ များ ဖြစ်လို့နေခဲ့သည်။

Dear man..
Why did you die?
Why did you leave me behind?
Why did your beautiful heart stop?
In a peaceful little Californian Coffee shop.

ကဗျာက အလွန် ရိုးနေသည်။ မတတ်နိုင်။ လောလောဆယ် အတွေးတွေက အလွန် ရိုးရှင်းနေသည်။

So many questions yet to ask
But the only important one is
that why you die

ထိုသို့ အင်္ဂလိပ်စာသင်ကာစ မူကြိုကျောင်းသူကလေး၏ကဗျာလို ရိုးရိုးရှင်းရှင်း အပြစ်ကင်းစင်စင် မွေးနေ့လက်ဆောင်ကဗျာလေး ပေးမိ သည်။ သည်နှစ် အတွက်ပေါ့။

It’s your birthday tomorrow
But I don’t want to borrow the sorrow
My love for you will never fade
As you would turn your 78
Happy Birthday Dear Dad
But you live after dead.

အစသဖြင့် အဓိပ္ပါယ်မရှိတရှိ ကဗျာညံ့တပုဒ်ကို သူ့အား အဆောတလျှင်လက်ဆောင်ပေးလျှင် လွယ်အိတ်ထဲ ထည့်လိုက်မည်ပင်ဖြစ်သည်။

ထိုထိုဤဤ လွယ်အိတ်ကလေးသာ ယနေ့သက်ရှိခဲ့ပါလျှင် ယခုအချိန် မဆိုင်းမတွ ပြည်တော်ပြန်နေမှာ သေချာသလောက်ရှိပါသည်။ နဂို ကမှ ပြန်ချင်ချင် သမ္မတတုတု စစ်စစ် ၄င်း၏ဖိတ်ခေါ်မှုကို တခုတ်တရ အခွင့်ကောင်းယူနေမှာ သေချာသလောက်ဖြစ်ပါသည်။ အဖေက ကဗျာဆရာကိုး သမီးရဲ့ဟု ပြောမှာသေချာပါသည်။ ကဗျာဆရာရဲ့နှလုံးသားတွေက နူးညံ့လှပါသည်။ အမေကတော့ ဖန်ပေါင်းချောင်ထဲ ထည့်ရကောင်းမလားဟု စပြော ပြောတတ်သည်။ အချစ်တရားများ အမြဲတစေ ခိုအောင်းတတ်သည်။ သစ္စာတရားနှင့် ယှဉ်တွဲ၍..။

ချစ်ဇနီး စန်း မရှိခဲ့၍ ရက်ပေါင်း၊ လပေါင်း၊ နှစ်ပေါင်းများစွာ မပျော်ခဲ့လှ။ သူ၏ချစ်ဇနီးကို သူ၏ (၅၇) နှစ် တခုသောမွေးနေ့တွင် ဂူသွင်းမြှပ်နှံ သဂြုင်္ိဟ်ခဲ့ရသည်။ ထိုစဉ်က သူ၏နှလုံးသားများ ကြေမွသွားလေမလားဟု သူမတို့ စိုးတရိမ်ရိမ်..။ ကဗျာဆရာသည် ထိလွယ်ခိုက်လွယ်သည်။ သို့သော် ၀မ်းနည်းမှုကိုရှောင်၍ ၀မ်းသာမှုကိုဆောင်သည်။ စိတ်ဓာတ်မကျဘဲ အားတက်မှုကို ရှေ့ရှုသည်။ အရာရာအပေါင်းလက္ခဏာ အသွင်ဆောင်သည်။ အပြုသဘော မျှော်မှန်းသည်။ ငြိမ်းချမ်းရေးကိုလိုလားသည်။ သို့ပေတည့် အမှန်တရားကိုတော့ သေတပန်သက်တဆုံး အမြဲ ဆုပ်ကိုင်ထားသည်။ ထိုကဗျာဆရာ၏နှုတ်မှ အမှန်သည် ဘယ်တော့မှမမှား။ အချိုသည် ဘယ်တော့မှမခါး။ ပြည်သူသည် ဘယ်တော့မှ မမှား။

ပြည်တော်ပြန်ကဗျာဆရာကြီး၏အသွင်ကို ပုံဖော်ကြည့်မိ၏။ “ဆန်း”၏ ကျေးဇူးတရားများနှင့် “စု”၏ ဇွဲလုံ့လ စိုက်ထုတ်မှုများကို မော်ကွန်း တင်နေမှာသေချာသည်။ “စု”၏ ကိုယ့်ကိုယ်ကိုမှခွာ၍ အများအတွက် ရှေ့ရှုနေခြင်းများကို ရာဇ၀င်မှာ ကဗ္ဗည်းတင်နေပေလိမ့်မည်။ ထောင် ၀တ်စုံ မချွတ်တမ်း သန္နိဌာန်ခိုင်ကျည်သည့် သံမဏိအာဇာနည်ကြီး ဆရာဦးဝင်းတင်၏ ပြောင်မြောက်သည့်သမိုင်းကို ဦးညွှတ်နေမည်ဖြစ် သည်။

အကျဉ်းကျနိုင်ငံရေး အာဇာနည်လူသားများ လွတ်မြောက်ရေးကို အပတ်တကုတ် ၀ါယမစိုက်ထုတ်နေမည်။ ဆယ်စုနှစ်ပေါင်းများစွာ ဘ၀ များ စတေးခဲ့ရသည့် အကျဉ်းကျစောသက်ထွန်းလို လူငယ်များ၏လွတ်မြောက်မှုကို ဂုဏ်ပြုပွေ့ဖက်နေမည်။

လေထန်ကုန်းမှာ ပြောမဆုံးပေါင် တောသုံးထောင် စာပေရဲဖော်ရဲဖက်များနှင့် အားရပါးရ အဖြေမှန်ရဖို့ လေကန်ကြမည်။ ယခင်ကကဲ့သို့ ထောက်လှမ်းရေးတချို့နှင့် လက်ဖက်ရည်တ၀ိုင်းတည်း ဆိုင်ထိုင်ဖြစ်ချင်ဖြစ်နေမည်။ သံလျင် သို့မဟုတ် ကလော လိုနေရာမှာ ခြံကျယ် ကျယ်ထဲ တဲအိမ်ကြီးထိုးပြီး စာပေစကားဝိုင်း၊ ပညာရေးနှင့် တိုးတက်မှုစကားဝိုင်းများဖွဲ့၍ နိုင်ငံကို တည်ဆောက်ချင်နေပြန်မည်။

ဆင်းရဲသားပြည်သူတို့၏ ဘ၀မြှင့်တင်ရေးများအတွက် ပေးအပ်မှု၊ ပေးဆပ်မှုများအကြောင်း စဉ်းစားနေမည်။
အညတြ နင်းပြားများအရေးကို ဦးစားပေးနေမှာ သေချာသည်။
ဖြူဖြူသင်းလေး၏ HIV လူနာများကို သွားကြည့်၏။ သာဓု မောဒနာခေါ်နေမည်။
ဆရာမစင်သီယာရဲ့မယ်တော်ဆေးခန်းမျိုးတွေဖွင့်ဖို့ အားစိုက်နေမည်။ (သမီးလဲ ကူညီရမှာပေါ့အဖေရဲ့။)
ကချင်မြစ်ဆုံက ယမ်းကျည်ဆံတွေအနား တိုင်းရင်းသားတို့ရဲ့အရေးတွေ ကဗျာဖွဲ့နေမည်။
အရှင်ဂမ္ဘီရနှင့် သံဃာတော်တို့၏အမြှော်အမြင် ကျေးဇူးတော်ကို ဖူးမြှော်ဦးခိုက်နေမည်။
တရားမျှတမှုအလျဉ်းမရှိသည့် စစ်ဘီလူးတို့၏ဓားစာခံဦးမောင်ကို၏သမီးလေး ဆွေဆွေ၏စာအုပ်ကိုဖတ်ရင်း လွမ်းနေမည်။
ရွှေတိဂုံမြတ်စေတီတော်၏ရင်ခွင်အောက် ၀ပ်တွားလျားမှောက် ရောက်ရှိနေမှာသေချာသည်။

ဘယ်လိုပဲဖြစ်ဖြစ် သူရဲ့လွယ်အိတ်ကလေးကတော့ အမြဲ သူ့ဘေးမှာရှိနေမည် ဖြစ်သည်။ “တင်မိုး” ဟု ပရိတ်သတ်တို့ ချုပ်လုပ်ပေးထားသော ကချင်လွယ်အိတ်အနီလေး ဖြစ်လေမလား။ ကျောင်းသားတို့၏ ခွပ်ဒေါင်းလွယ်အိတ်လေး ဖြစ်မလား။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွယ် အိတ်ကလေးများလား။ ထန်းရိပ်ညို အစရှိသည့် အညာချုပ်လွယ်အိတ်လေးများလား အစ..ရှိသည်။

စာပိုစာချပ်။ ။ညက တိတ်ဆိတ်လှသည်။ သို့ပေတည့် ထိုညတွေထဲတွင် သူ၏လေချွန်သံကလေးကို ကြားယောင်ယောင်ဖြစ်သည်။ သူမ ဘ၀ထဲတွင် ထိုလေချွန်သံကလေးက မင်္ဂလာရှိလှသည်။ သူပြန်လာပြီ။ ထိုလေချွန်သံကလေးကို ညီမ ချိုက လေချွန်သံနီနီဟု တင်စားခဲ့ သည်။ ဟုတ်ပါသည်။ ချိုမြ၍ ရဲရင့်သော၊ မင်္ဂလာရှိသော၊ ခွန်အားရှိသော လေချွန်သံကလေး ဖြစ်ပါသည်။ လောကကြီး၏ တရားမျှတစွာ ပြီး ပြည့်စုံခြင်း။ မင်္ဂလာရှိခြင်း။

သူရဲ့ သက်ရှိနောက်ဆုံးမွေးနေ့က ၂၀၀၆ ခုနှစ်ကဖြစ်သည်။ သူ၏ (၇၃)နှစ် ပြည့်မွေးနေ့ကို အရီဇိုးနားမှာ စွမ်းနဲ့အတူ ဖြတ်သန်းခဲ့သည်။ လေချွန်ငှက်ကလေးကို မွေးနေ့ဆုတောင်း ဖုန်းဖြင့်ပေးသူ ကိုယ်ကအဝေးတနေရာ ဥရောပမှာ..။ ဖုန်းနှင့်သာ သူ၏သက်ရှိမွေးနေ့ကို ကန် တော့ခွင့်ရခဲ့သည်။

သူမတို့ အနှစ် ၂၀ နေခဲ့သော ရန်ကုန်တက္ကသိုလ်ဝန်းကျင်တွင် ခရေပင်တန်းများရှိသည်။ သူမတို့မိသားစု ညနေခင်းများတွင် လမ်းလျှောက်ခဲ့ ကြမြဲဖြစ်သည်။ သူမတို့မိသားစုတွင် အမေက နေ့စဉ်ဒိုင်ယာရီ ရေးသူ။ သူမတို့က နေ့စဉ်ဖတ်သူ ပရိသတ်။ အမေက သူ“ အချစ်ဆုံးသူငယ်ချင်း အနွဲ့ဆုံးတော့ ဘာမှ သိပ်မရေးနိုင်။ စကားမဲ့။ ရေးသည်က … ခုတော့ သက်ဆင်း၊ ကြွေလွင့်၊ ခရေပွင့်.. တဲ့။ ကိုးကားစာစ ဖြစ်မည်။

ယခုတော့ ကဗျာဆရာလည်း သက်ဆင်း၊ ကြွေလွင့်၊ ခရေပွင့်..။

နိုဝင်ဘာ ၁၉၊ ၂၀၁၁ တွင်ကျရောက်မည့် ဆရာဦးတင်မိုး၏ ၇၈ နှစ်ပြည့် မွေးနေ့သို့ .... (မိုးမခ)မှကူးယူတင်ထားပါသည်

Suu closing speech at NLD 18th Nov D-Day

0
နိုဝင်ဘာ ၁၈ ရက်နေ့ အန်အယ်ဒီ ဗဟိုဦးစီးအစည်းအဝေးနိဂုံးတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားချက် (ပထမပိုင်း)
Yangon PressInternational နိုဝင်ဘာ ၁၉၊ ၂၀၁၁ (YPI)
          ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေး ..ဒါဟာ ကျွန်မသဘောတူတဲ့ ကိစ္စဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံမှာ ကျွန်မအမြင်မှာတော့ အရေးအကြီးဆုံး ကတော့ နံပါတ် ၁ ထားရမှာတော့ ဥပဒေ စိုးမိုးရေးပဲ ၊ ဘာဖြစ်လို့လဲဆိုတော့ ဒီဥပဒေ စိုးမိုးရေး မရှိဘဲနဲ့ ကျန်တဲ့ကိစ္စတွေကို ကျွန်မတို့ဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး၊ ဥပမာ ဆိုပါတော့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး နိုင်ငံရေး အကျဉ်းသားများ ရှိတာကိုက ကျွန်မတို့နိုင်ငံမှာ ဥပဒေ စိုးမိုးရေး မရှိလို့၊ ရှိနေတာလို့ ကျွန်မတော့ ဒီလိုပဲ မြင်ပါတယ်။ အဲဒါကြောင့်မို့ ဥပဒေစိုးမိုးရေးဟာ အဓိကပါ။ ဥပဒေစိုးမိုးရေး မရှိပဲနဲ့ ကျွန်မတို့ဟာ ပြည်တွင်းငြိမ်းချမ်းရေး ရဖို့ အင်မတန်ခက်ပါတယ်။
          ဥပဒေစိုးမိုးရေးရှိမှ ပြည်နယ်တွေမှာ ပြည်သူတွေရဲ့ အခွင့်အရေးတွေ ချိုးဖောက်မှုရှိနေတာကို ကျွန်မတို့ မီးမောင်းထိုးနိုင်မယ်။ ကာကွယ်နိုင်မယ် အပြစ်ပေးနိုင်မယ်၊ ဒါကြောင့် မို့လို့ နံပါတ် ၁ ကတော့ ဥပဒေစိုးမိုးရေးလို့ ကျွန်မမြင်ပါတယ်။
ဥပဒေစိုးမိုးရေးနဲ့ ဒွန်တွဲနေတာကတော့ ပြည်တွင်းစစ်ငြိမ်းချမ်းရေးပဲ၊ ဥပမာ ကျွန်မ ဥပဒေစိုးမိုးရေးကို နံပါတ်တစ် ထည့်တယ်ဆိုတာက ပြည်တွင်းငြိမ်းချမ်းရေး ထက်ပိုမိုအရေးကြီးလို့ မဟုတ်ပါဘူး။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် လိုအပ်လို့ ဥပဒေစိုးမိုးရေးကို ကျွန်မထည့်တာပါ။
          နောက်ပြီးတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြန်လည်ပြင်ဆင် ပြုပြင်ရေးပေါ့။ ပြင်ဆင်ပြုပြင်ရေး ဆိုတာ ကျွန်မတို့ ၂၀၁၀ ရွေးကောက်ပွဲကို ကျွန်မတို့ မ၀င်ခဲ့ရတဲ့အကြောင်းတွေပါ၊ အဲဒီတုန်းက ပြန်ပြီးတော့ မှတ်ပုံမတင်ခဲ့တဲ့ အကြောင်းတွေ တခုထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို မကျေနပ်လို့ဆိုတာလည်း ပါပါတယ်။ တရားဝင် အကြောင်းပြချက် ကတော့ ဆုံးဖြတ်ချက်များကတော့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဥပဒေတွေဟာ တရားမမျှတလို့ ကျွန်မတို့ လက်ခံနိုင်စရာ အကြောင်းမရှိလို့၊ ဒါပေမယ့်လဲ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုပြင်ဆင်သင့်တယ်ဆိုတာဟာ ရွှေဂုံတိုင်ကြေညာချက်တွေမှာ ပါခဲ့ပါတယ်။
          ဒီဖွဲ့စည်းပုံက အခြေခံဥပဒေကို ပြင်ဆင်သင့်တယ်ဆိုတာဟာ ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ကိုကြည့်ပြီးပြောတာပါ။ ကျွန်မတို့ အဖွဲ့တခုထည်း အတွက်ပြောတာမဟုတ်ပါဘူး။ တနိုင်ငံလုံးအတွက် ကျွန်မတို့ ပြည်ထောင်စု တိုင်းရင်းသားအားလုံးအတွက် လိုအပ်တဲ့ ပြင်ဆင်မှုတွေ အတွက် ကျွန်မတို့ ဦးတည်ပြီး လုပ်သွားရမှာဖြစ်ပါတယ်။
ဒါကြောင့်မို့လို့ အခု ဒီအခြေအနေရောက်မှ ဆို ကျွန်မလည်းပွင့်ပွင့်လင်းလင်း ပြောပါရစေ၊ ကျွန်မ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပြန်ပြီးမှတ်ပုံတင်ရေးဘက်ကနေ ရပ်တည်တာပါ။ ဒီလိုမှတ်ပုံတင်ချင်တဲ့ အကြောင်းအရာဟာ ဒီလိုကိစ္စတွေ ပိုပြီးတော့ ထိထိရောက်ရောက် လုပ်ချင်လို့ပါ။ ဒါကိုကျွန်မတို့ ဆွေးနွေးတိုင်ပင်ခြင်းအားဖြင့် ဒီလိုအခြေအနေ ထိရောက်လာတယ်လို့ ကျွန်မပြောပါရစေ။
ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေးစားလိုက်နာမယ်ဆိုတာနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ပါမယ် ဆိုတာက အတူတူပဲလို့ ပြောတဲ့သူတွေလဲ ရှိပါတယ်။ အဲဒါကတော့ ကျွန်မနဲ့ သဘောမတူပါဘူး။ အဲဒီလိုဆိုလို့ရှိရင် ဒီမိုကရေစီနဲ့ စည်းကမ်းရှိသော ဒီကရေစီဆိုတာလည်း အတူတူပဲလို့ ကျွန်မကိုပြောမလား ၊ တကယ်တော့ စကားလေးတွေကွဲလွဲတာပါ။ ဒါပေမယ့် ဒီစကားကွဲလွဲတဲ့အပေါ်မှာ အကျိုးသက်ရောက်မှုတွေ အများကြီးရှိပါတယ်။ ကျွန်မတို့ အားလုံးဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို လက်မခံကြဘူး စစ်မှန်တဲ့ ဒီမိုကရေစီဆိုပြီး ကျွန်မတို့ပြောကြတယ်။ ပြီးတော့ဘာဖြစ်လို့ ဒီနှစ်ခုကို ကျွန်မတို့ခွဲခြားပြီး မြင်နေတာလဲ၊ စကားလုံးပဲ ကွာတာပဲဆိုပြီး ပြောတဲ့သူကပြောကြမှာပေါ့။
တချို့က ဒီဟာကျတော့ စကားလုံးပဲကွာတာ မဟုတ်ဘူး၊ ဒါကမတူဘူးလို့ပြောပြီးတောင့် ထိန်းသိမ်းစောင့်ရှောက်တာနဲ့ လေးစားလိုက်နာခြင်းက အတူတူပဲလို့ ပြောလို့ရှိရင်တော့ ဒါစကားတွေကို ကိုယ်လိုရာ ဆွဲပြောရာရောက်ပါတယ်။ ကျွန်မတို့ဟာ အမြင်နဲ့ အလုပ်ကို သွားရမှာပါ။ ကိုယ်လိုရာဆွဲပြီး တော့ ပြောပြီးတော့ အလုပ်လုပ်သွားရမှာမဟုတ်ပါဘူး။
          ကျွန်မတို့ လေးစားလိုက်နာမယ်ဆိုတာ စောစောတုန်းက ဦးဉာဏ်ဝင်း ပြောသွားတဲ့ အတိုင်းပဲ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲ ပါပြီးသား ကိစ္စပဲဖြစ်ပါတယ်။ နောက်ပြီးတော့ နိုင်ငံသူ နိုင်ငံသားတိုင်း နိုင်ငံအသီးသီးမှာ လက်ခံရတဲ့အချက်တစ်ခုဖြစ်ပါတယ်။ ဒီတော့ ဒီဥပဒေတွေကို ပြုပြင်ပေးရင်၊ ပြောင်းလဲပေးရင်တော့ ပြုပြင်ပြောင်းလဲပေးနိုင်ဖို့ ကြိုးစားဖို့ဟာတော့ နိုင်ငံသားတိုင်း အခွင့်အရေးရှိတယ်လို့ ကျွန်မတော့ ဒီအတိုင်းပဲ ယုံကြည်ပါတယ်။
          ဒါကျွန်မတို့အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ နိုင်ငံကို အကျိုးပေးတယ်လို့ ကျွန်မတို့ မမြင်တဲ့ အချက်တွေကို ပြုပြင်ပြောင်းလဲ အချက်တွေကို ပြုပြင်ပြောင်းလဲဖို့ ကျွန်မတို့ကြိုးစားသွားရမှာလည်း ဒါနိုင်ငံသူ နိုင်ငံသားများရဲ့ တာဝန်တစ်ခု အနေနဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ဆောင်ရွက်သွားရမယ်လို့ ကျွန်မ ဒီအတိုင်းပဲ ယုံကြည်ပါတယ်။ ဒီဟာဟာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို ပြန်ပြီးတော့ မှတ်ပုံတင်တဲ့ အခါမှာ လုပ်ဆောင်ရမယ့် အဓိက လုပ်ငန်းကြီး တစ်ရပ်ဖြစ်တယ်လို့ ကျွန်မမြင်ပါတယ်။
          အဲဒီတော့ ဥပဒေ စိုးမိုးရေး၊ ဥပဒေ စိုးမိုးရေးကို ကျွန်မတို့ယုံကြည်မှတော့ မှန်ကန်တဲ့တရားတဲ့ ဥပဒေတွေဖြစ်ရမယ်၊ မှန်ကန်တဲ့ တရားတဲ့ ဥပဒေတွေဖြစ်ရေး အတွက် လုပ်ဖို့ဆိုတာဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကလည်း တရားမျှတပြီးတော့ မှန်ကန်ရအောင်လို့ ကျွန်မတို့ လုပ်ဆောင်ဖို့ ကြိုးစားဖို့တာဝန်ရှိတယ်လို့ ကျွန်မတို့ အဲဒီလိုပဲ ခံယူထားပါတယ်။
          ဒီအကျဉ်းကျနေတဲ့ ကျွန်မတို့ အဖွဲ့ဝင်တွေကို အဖွဲ့ကနေပြီးတော့ ထုတ်ပြစ်ဖို့ မလိုတော့ဘူး ဆိုတဲ့ကိစ္စကို ကျွန်မ အထူးရှင်းပြဖို့ မလိုပါဘူး။ ၂၀၁၀ တုန်းက အဲဒီလို စည်းမျဉ်း စည်းကမ်းပါလာတဲ့အတွက် ကျွန်မတို့ လက်မခံတော့ပါဘူး။ ဒါကတော့ လွယ်လွယ်လေးပါ။ ရှင်းရတာ၊ ကိုယ့်အတွက် ကိုယ်နိုင်ငံအတွက် ကိုယ်နိုင်ငံသားအတွက် ယုံကြည်ချက်နဲ့ အနစ်နာခံပြီးတော့ အကျဉ်းကျခံနေကြတဲ့ ကျွန်မတို့ရဲ့ ရဲဘော်ရဲဘက်တွေကို ထုတ်ပြစ်ဖို့ ဆိုတာအင်မတန်မှ သိက္ခာမဲ့တဲ့ ကိစ္စဖြစ်ပါတယ်။ အဲဒီလို သိက္ခာမဲ့တဲ့ ကိစ္စဆိုတာ နိုင်ငံရေး သိက္ခာကိုပြောတာပါ။ အဲဒီနိုင်ငံရေး သိက္ခာမဲ့တဲ့ ကိစ္စ၊ လူမှုရေး သိက္ခာကိစ္စလည်း ဖြစ်တယ်။ ကျွန်မတို့ လက်မခံနိုင်ဘူးဆိုပြီးတော့ လက်မခံတာဖြစ်ပါတယ်။ အခုဒီအချက်တွေလည်း ပြောင်းလဲသွားပြီ ဆိုတော့ ကျွန်မတို့ ထဲမှာ ပြဿနာမရှိပါဘူး။
          ၁၉၉၀ ရွေးကောက်ပွဲကို အသိအမှတ်ပြုရမယ်ဆိုတဲ့ ကိစ္စ ဒီဟာကို ကျွန်မ ၂ ခုခွဲပြီးတော့ ပြောချင်ပါတယ်။ ဥပဒေအရ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ ရလဒ် က တရားဝင်ပါတယ်။ ဒါဘယ်သူတွေ အသိအမှတ်ပြုတာ မပြုတာနဲ့ မဆိုင်ပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ဘားမား ဂေဇက် (မြန်မာနိုင်ငံ အမိန့်ပြန်တမ်း)ထဲ မှာကြေညာပြီးသားပါ။ ဒီရွေးကောက်ပွဲမှာ အောင်မြင်ခဲ့တဲ့ ကိုယ်စားလှယ်များ စာရင်းဟာ ကြေညာထားပြီးသား ဆိုတော့ဒါဟာ ဘယ်ပုဂ္ဂိုလ် တဦး ဘယ်အဖွဲ့အစည်းတခု ဘယ်အစိုးရ တခုရဲ့ အတည်ပြုချက်မှ မလိုတော့ဘူး။ ဒီဟာမှာ တရားဝင်ဆိုတာလက်ခံထားပြီးသား ဖြစ်ပါတယ်။
          ဒီတော့ ကျွန်မတို့ က အသိအမှတ်ပြုတယ်ဆိုတာကို ဘာကိုဆိုလိုတာလည်း ဆိုတာကို ပြန်စဉ်းစားကြည့်တာတော့ ကျွန်မတို့ ၁၉၉၀ ခုနှစ်တုန်းက ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲ ဟာ ပြည်သူလူထု ဆန္ဒနဲ့အညီ အဖွဲ့ချုပ်ကို ပြည်သူကနေပြီးတော့ သဘောကျတယ် ထောက်ခံတယ်။ အဖွဲ့ချုပ်ကို လိုလားတယ် ဆိုပြီးတော့ ရှင်းရှင်းလင်းလင်း ပြခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကျွန်မတို့ အသိမှတ်ပြုခြင်း တရားဝင် အသိအမှတ်ပြုတာကို ကျွန်မတို့က လိုလားတာကို ပြောတာဖြစ်ပါတယ်။
          တရားဝင် အသိအမှတ်ပြုတယ်ဆိုတာကတော့ ငါဟာ ဘယ်သူကမှ စာရေးပြီးတော့ လက်မှတ်ထိုးပြီးတော့ တံဆိပ်ရိုက်စရာလည်း မလိုပါဘူး၊ ရှေ့တုန်းက ပြောထားတဲ့ အတိုင်း အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ရွေးကောက်ပွဲမှာ နိုင်ခဲ့တယ်ဆိုတာ ဒါတရားဝင်ပဲ၊ ဒါဘယ်သူကမှ လာပယ်ဖျက်လို့ မရဘူး၊ ဒါဘားမားဂေဇက်ထဲမှာ ပါပြီး ပါပြီ။ ဘယ်လိုမှ ဒါကိုငြင်းပယ်လို့ မရဘူး။ ကျွန်မတို့ ကြားခဲ့ရတဲ့ အတိုင်းပဲ၊ ဦးခင်အောင်မြင့်ဟာ ဆိုရှိရင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲ အောင်နိုင်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ သတင်းမီဒီယာတွေ သိအောင်လို့ပြောခဲ့ပါတယ်။
          ဒါဟာဆိုလို့ရှိရင် ကျွန်မကတော့ ဒါကိုလက်ခံပါတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ စောစောတုန်းက ဒေါ်နန်းခင်ထွေးမြင့် ပြောခဲ့သလိုပဲ အပေးအယူလုပ်တယ်ဆိုတာ ကိုယ်လိုချင်တာ အားလုံးရမှ ဆိုတာတော့ အဲဒီလိုစိတ်နဲ့တော့ ကျွန်မတို့လုပ်လို့ မဖြစ်ပါဘူး။
ဒါကြောင့် အသိအမှတ်ပြုတယ်ဆိုတာ တချို့ကတော့ ဘယ်လိုနည်းနဲ့ အသိအမှတ်ပြုတာကိုပြောတာလဲ တော့မသိဘူး။ ကျွန်မအနေနဲ့ကတော့ ဘားမား ဂေဇက်ထဲမှာ ရှိနေတဲ့ဟာကို ဘယ်သူမှလဲ ပယ်ဖျက်လို့ မရဘူး ဒီလိုဟာက အဖြစ်အတိုင်းဖြစ်ခဲ့ပါတယ်။ ဆိုတာကိုတော့ အခုလိုလက်ရှိ ၂၀၁၀ ရွေးကောက်ပွဲ ကနေပြီးတော့ တက်လာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောလိုက်တယ်ဆိုတာကို ကျွန်မတို့ လက်ခံနိုင်တဲ့အကြောင်းရှိတယ်လို့ ကျွန်မဒီလိုပဲ ပြောချင်ပါတယ်။ ဒါကို တချို့လွှတ်တော် ခေါ်ပေးရမယ်ဆိုပြီးတော့ ခုအချိန်ထိ အော်နေပါတယ်။ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲအရ လွှတ်တော် ခေါ်ပေးရမယ်ဆိုတာ ဒါကတော့ လက်တွေ့ကျတဲ့ ကိစ္စမဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ တောင်းဆိုချက်တွေ မဟုတ်ပါဘူး။
          ၁၉၉၀ ခုနှစ်မှာ အရွေးခံရတဲ့ ကိုယ်စားလှယ် တချို့ကလည်း ၂၀၁၀ ခုနှစ်မှာ ရွေးကောက်ပွဲ ၀င်ပြီးတော့ တချို့လည်း လွှတ်တော်ထဲ ပြန်ရောက်နေတဲ့ သူတွေလည်း ရှိပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ လက်တွေ့ကျကျ နိုင်ငံရေး ရင့်ကျက်မှုနဲ့ စဉ်းစားစေချင်ပါတယ်။ ၊ အဲတော့ ကျွန်မက ၁၉၉၀ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့လည်း အခုထိ အာဏာပိုင်များရဲ့ လုပ်ဆောင်ချက် ဟာ လက်ခံနိုင်လောက်စရာဘာရှိလဲ ဆိုတာ ကျွန်မသုံးသပ်ပါတယ်။ ဒါကြောင့်မို့လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကနေပြီးတော့ ပြန်လည်ပြီးတော့ မှတ်ပုံတင်ရေးကို ကျွန်မထောက်ခံတာဖြစ်ပါတယ်။
          အဲဒါပြီးတော့ ကြားဖြတ်ရွေးကောက်ပွဲ တွေမှာ ၀င်ရွေးဖို့အရေး ၀င်မရွေးဖို့ အရေး စည်းမျဉ်းစည်းကမ်းတွေ အရ ကျွန်မတို့ နေရာသုံးနေရာမှာ ၀င်ပြီးယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ တကယ်တော့ ဒီသုံးနေရာနေပြီးတော့ စတိပေါ့လေ၊ အဖွဲရဲ့ရပ်တည်ရေး အတွက်လုပ်မှာလား၊ ၊ လစ်လပ်နေတဲ့ နေရာအားလုံးမှာ ယှဉ်ပြိုင်ပြီးတော့ ၀င်လာမှာလား ဆိုတော့ အများစုက ယှဉ်ပြိုင်ပြီးတော့ ၀င်မယ်လို့ပြောတာတွေရှိပါတယ်။ တချို့ကတော့ ခပ်တိုတိုပြောပြောရရင် ကျွန်မသဘောအတိုင်း ပဲ လုပ်ပါမယ်လို့ပြောတာလည်း ရှိပါတယ်။ ကျွန်မကတော့ ယှဉ်ပြိုင်စေချင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နိုင်ငံရေးပါတီ တခုအနေနဲ့ မလှုပ်ရှားရတာ အတော်ကြာပြီ၊ နိုင်ငံရေးပါတီ တခုရဲ့ အလုပ်တွေကို မလုပ်ကြရတာတော်တော် ကြာပြီ၊ ကျွန်မတို့ပြန်ပြီးတော့ လေ့ကျင့်ယူရမယ်။ လေ့ကျင့်ယူရမယ်ဆိုရာမှာ ကျွန်မတို့ လူငယ်တွေ လက်ရှိရယ်၊ အရင်တုန်းက လက်ဟောင်းနဲ့ လက်ရှိရယ် အားလုံးဟာ ပြန်ပြီးတော့ နိုင်ငံရေးပါတီ တခုအနေနဲ့ လုပ်သင့်လုပ်ထိုက်တာ ကိုလုပ်ရမယ်။
          ဒီမိုကရေစီ စနစ်အောက်မှာ နိုင်ငံရေး ပါတီ တစ်ခုထူထောင်ပြီ ဆိုကတည်းက အဓိကအားဖြင့်တော့ ရွေးကောက်ပွဲတွေမှာ တစ်ချိန်တစ်ခါမှာ ယှဉ်ပြိုင်ရတော့မှာပါ။ ဒီတော့ အဲဒါကလည်း ဒီမိုကရေစီ မူအရလည်း လုပ်သင့်တဲ့ ကိစ္စ ဖြစ်လို့ လုပ်ချင်တယ်။ ကျွန်မတို့ရဲ့ နိုင်ငံရေးပါတီ တစ်ခုရဲ့ လှုပ်ရှားတွေကို ပြန်ပြီးတော့ အသက်သွင်းပေးချင်တဲ့ အနေအထားနဲ့ဘဲ ကျွန်မလုပ်ချင်တာ ဖြစ်ပါတယ်။
သတင်းစာတွေကနဲ့ တူပါတယ် ကျွန်မ၀င်ပြိုင်မယ် ဆိုလို့ရှိရင် ကျွန်မရဲ့ သိက္ခာကို ထိမလား ဆိုပြီး တစ်ချို့က စိုးရိမ်နေတယ် စိုးရိမ်ကြပါတယ်တဲ့ ရှင်းရှင်း ပြောရမယ် ဆိုရင် ဒီလိုနိုင်ငံရေး လုပ်တဲ့နေရာမှာ ကိုယ့်ရဲ့သိက္ခာကို ကြည့်ပြီးလုပ်တယ်ဆိုတာ မလုပ်သင့်ပါဘူး။ လုပ်သင့်လုပ်ထိုက် တယ်ထင်လို့ရှိရင် လုပ်ရမှာဘဲ။ ကျွန်မအနေနဲ့ ကတော့ ၀င်ထိုက်တယ်လို့ ထင်ရင် ကျွန်မ၀င်မှာဘဲ ဒီဟာဟာ လူတစ်ဦးတစ်ယောက်ရဲ့ သိက္ခာနဲ့ မဆိုင်ပါဘူး။ လူတစ်ဦး တစ်ယောက်ဟာ သူ့ရဲ့ သိက္ခာကို အဓိကထား ပြီးတော့ လုပ်မယ်ဆိုလို့ရှိရင် ဒါဟာ ဆန္ဒစွဲနဲ့ လုပ်တဲ့ နိုင်ငံရေး ဖြစ်သွားပါမယ်။
          အခုကျွန်မတို့ လုပ်နေတဲ့ အလုပ်တွေဟာ တကယ်တော့ စွန့်စားချက် ဘဲလို့ ကျွန်မပြောရမှာဘဲ စွန့်စားရခြင်း မဟုတ်ပါဘူး။ အခြေအနေ သုံးသပ်ပြီးတော့ စွန့်စားသင့်တဲ့ အချိန် ရောက်လို့ စွန့်စားမယ် ဆိုပြီးဆုံးဖြတ်ရခြင်း ဖြစ်ပါတယ်။ ပြီးတော့ စွန့်စားတယ်ဆိုတာက ဘာအဓိပ္ပါယ်လဲ ဆိုတော့ တစ်ရာခိုင်နှုန်း အောင်မြင်ခြေ ရှိတယ်ဆိုပြီးတော့ ကျွန်မတို့ မပြောနိုင်ဘူး ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ တစ်ရာ ရာခိုင်နှုန်း အောင်မြင်ပါမယ် ဆိုပြီး အာမခံရှိတဲ့ အလုပ်မျိုးမှ လုပ်မယ် ဆိုလို့ရှိရင် နိုင်ငံရေး လုပ်လို့ လုံးလုံးကို မဖြစ်ပါဘူး။ နိုင်ငံရေးမှာ ဘယ်တော့မှ တစ်ရာ ရာခိုင်နှုန်း အာမခံချက် ရှိတယ်လို့ ဘယ်တော့မှ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ တစ်ရာရာခိုင်နှုန်း အောင်မြင်ဖို့ အာမခံချက် ပေးနိုင်တဲ့ အလုပ်မှ လုပ်မယ်ဆိုရင်တော့ တခြားအလုပ်ရှာ ရပါလိမ့်မယ်။  ကျွန်မတို့ရဲ့ ယုံကြည်ချက်အရ  သုံးသပ်ချက် အရ အောင်နိုင်ဖို့ အလားအလာ ကောင်းတယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်။ အောင်နိုင်ဖို့ အလားအလာ ကောင်းတယ်လို့လည်း ယုံကြည်တယ် လုပ်သင့်တယ်လို့လည်း ယုံကြည်တယ်။
          တခါတလေ အမှန်ပြောရမယ်ဆိုလို့ရှိရင် လုပ်သင့် လုပ်ထိုက်တဲ့ ကိစ္စတစ်ခုကို လုပ်တဲ့နေရာမှာ အောင်နိုင်ဖို့ အလားအလာနည်းတယ် ထင်ရင်တောင် လုပ်ရမှာပဲ။ ဘာဖြစ်လို့လည်း ဆိုတော့ လုပ်သင့်လုပ်ထိုက်လို့ ကိုယ်လုပ်တဲ့ အချိန်အခါမှာ မအောင်မြင်ရင်တောင်မှ ကိုယ်က မှန်မှန်ကန်ကန် ဆုံးဖြတ်ချက် ချခဲ့တာကြောင့်မို့ နောင်လာမဲ့ လူတွေအတွက် လမ်းကပိုပြီးတော့ ခိုင်မာသွားမယ်။ ရှင်းလင်း သွားမယ်ဆိုတာတွေ ဖြစ်နိုင်ပါတယ်။ အခုအချိန်မှာကြတော့ ကျွန်မတို့က စွန့်စားပြီး ဆုံးဖြတ်တဲ့နေရာမှာ အောင်နိုင်မဲ့ အလားအလာ တွေကလည်းကောင်းတယ်လို့ မြင်တယ်။
          ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ လုပ်သင့်လုပ်ထိုက်တာကို လုပ်ရမယ်လို့ ကျွန်မမြင်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မရဲ့ဆုံးဖြတ်ချက်အရ လုပ်မယ်ဆိုတဲ့ လူတွေအတွက်က ကြတော့ အမျိုးသားဒိမိုကရေစီ အဖွဲ့ချူပ်ပြန်လည်ပြီးတော့ မှတ်ပုံတင်တဲ့ကိစ္စကို လက်ခံဖို့ လိုပါလိမ့်မယ်။ နောက်ပြီးတော့ လစ်လပ်နေတဲ့ နေရာ အားလုံးမှာ ၀င်ပြီးတော့ တတ်နိုင်သမျှ ယှဉ်ပြိုင်နိုင်ဖို့ကို ကျွန်မတို့လုပ်ရပါလိမ့်မယ်။
          ဒီလိုယှဉ်ပြိုင်တဲ့နေရာမှာ ကျွန်မအခုကတည်းက တခါထဲပြောထားချင်ပါတယ်။ ကျွန်မတို့ လူရွေးတဲ့ နေရာမှာအားလုံးက သိပြီးသားပါ။ လစ်လပ်နေတဲ့နေရာက လေးဆယ်ကျော်ပဲ ရှိပါတယ်။ တစ်ချို့က လေးဆယ်ကျော်ဆိုတာဟာ ဘာလုပ်ရမှာလဲဆိုတော့ ပြောတဲ့လူတွေကလည်း ရှိတယ်။ ကျွန်မတို့က အရည်အတွက်ကို ဦးတည်မှာလား အရည်အချင်းကို ဦးတည်မှာလား ဒါက ပထမဆုံးမေးရမဲ့ ကိစ္စပါ။ ဒီတော့ လေးဆယ်ကျော်မပြောနဲ့ လူတယောက်တောင်မှ စိတ်ဓါတ်ခိုင်မာလို့ ရှိရင် အများကြီးစွမ်းဆောင်နိုင်ပါတယ်။
          ဒါကြောင့်ကျွန်မတို့ဟာ လေးဆယ်ကျော် ဆိုပေမဲ့ နည်းတယ်လို့ ထင်လို့ ရှိရင် နည်းတယ်လို့ ပြောတဲ့လူတွေက အဲဒီဟာအားလုံးကို အောင်နိုင်အောင် လုပ်ပြပါ။ ဒီလောက်ဆို ဒီလောက်နည်းနည်းလေးပဲ ဆိုရင်အပျော့ပေါ့ဆိုပြီး လုပ်ပြလေ။ နည်းတယ်လို့ ထင်လို့ရှိရင် အဲလောက်တော့ လုပ်ပြရမှာပေါ့။
          ဒါဟာကျွန်မတို့ ဒိလိုလုပ်တဲ့နေရာမှာ သဘောထားကြီးကြီးနဲ့ အနာဂတ်ကို ကြည့်ပြီးတော့ လူရွေးရမယ်။ ဒါကျွန်မတို့ အစမ်းသဘောပဲပေါ့။ တနည်းအားဖြင့် ပြောရမယ်ဆိုလို့ရှိရင် ဒီပထမ အတွင်းမှာ ကျွန်မတို့ စမ်းပြီးတော့ ထည့်လိုက်တာလို့ ပြောလို့ရတယ်။ စမ်းပြီးတော့ ထည့်လိုက်တာဆိုတာ ကျွန်မတို့အတွက်တင် စမ်းတာမဟုတ်ဘူးနော်။ ပြည်သူကလဲ ကျွန်မတို့ကို စမ်းမှာပဲ။ အစတုန်းကတော့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ထပ်တလဲလဲ ပြောခဲ့တယ်။ ရွေးကောက်ပွဲကို ရွေးကောက်ခံခဲ့ရတယ်။ သို့သော်ငြားလဲ ဘာမှလုပ်ပိုင်ခွင့် မရခဲ့ဘူး။ အခုလုပ်ကိုင်ခွင့် ပိစိကွေးလေး ရတဲ့အချိန်မှာ ဘယ်လောက်လုပ်နိုင်လဲလို့ ပြည်သူက ကြည့်နေမှာဖြစ်တယ်။
          ပြည်သူကသုံးသပ်နေမှာ ပြည်သူကနေပြီးတော့ ကျွန်မတို့ကိုစီရင်ချက်ချမှာ။ အဲဒါကြောင့်မို့လို့ စကတည်းက ကျွန်မတို့သဘောထား ကြီးကြီးနဲ့ ပြည်သူတွေရဲ့ လိုအပ်ချက်ကိုကြည့်ပြီးနိုင်ငံရဲ့ လိုအပ်ချက်ကို ကြည့်ပြီးတော့ ကျွန်မတို့ ဆုံးဖြတ်ပြီးတော့ သွားရမှာပါ။
အခုဒီကျွန်မတို့ အဖွဲ့ချုပ်ဝင်တွေစာထဲမှာ ကျွန်မတို့ပြန်ပြီးတော့ မှတ်ပုံတင်ရွေးကောက်ပွဲ လစ်လပ်နေတဲ့နေရာတွေ မှာဝင်ရေးကို သဘောမတူတဲ့ အဖွဲ့ဝင်များဟာလည်း ကျွန်မတို့နဲ့ အတူလက်တွဲပြီးတော့ စိတ်ရောကိုယ်ပါ အတတ်နိုင်ဆုံး ကြိုးစားကြိုးစား သွားကြပါလို့ ကျွန်မ မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်မစောစောက ပြောခဲ့တဲ့ အတိုင်းပါပဲ၊ ဒါဒီမိုကရေစီပဲ၊ ကိုယ်ဟာ ဘယ်လောက် ဒီမိုကရေစီချစ်မြတ်နိုးတယ်ဆိုတာ ဒီဟာမျိုးကပြတယ်။
          ကိုယ်သဘောမတူတဲ့ ကိစ္စဖြစ်ရင်တောင်မှ ဒီမိုကရေစီ သဘောထား အရ ကိုယ်ကနေပြီးတော့ ရှိသမျှ အင်အားတွေနဲ့ ဖေးမပေးမယ်။ အောင်မြင်အောင် လုပ်ပေးမယ်ဆိုတဲ့စိတ်ဓါတ်ကို မွေးမြူစေချင်ပါတယ်။ ဒီလိုစိတ်ဓါတ်တွေနဲ့ ကျွန်မတို့ လုပ်သွားမယ်ဆိုလို့ ရှိရင် အောင်နိုင်မှုဆိုတာ သေချာပေါက် ကျွန်မတို့ရမှာပါ။
ကျွန်မတို့နဲ့ အရင် ကျွန်မလွတ်လာတဲ့ အချိန်အထိတော့ စပြီးတော့ တွဲခဲ့တဲ့ ဒီမိုကရေစီ ကွန်ရက်ထဲက ပုဂ္ဂိုလ်များလည်း ရှိပါတယ်။ အဲဒီပုဂ္ဂိုလ်တွေ အဖွဲ့အစည်းတွေကိုလည်း ကျွန်မတို့ ထည့်ပြီး၊ စဉ်းစားပြီးတော့ ဆက်လုပ်သွားစေချင်ပါတယ် ဆိုတာကိုတော့ ကျွန်မအခုကတည်းက ပြောထားပါရစေ။
          ကိုယ်လိုတဲ့ အခါသုံးပြီး မလိုတဲ့အခါ ပစ်တဲ့ အဖွဲ့အစည်းမျိုး လုံးဝမဖြစ်စေချင်ပါဘူး။ အမြဲတမ်းကျွန်မတို့ အပေါ်မှာ ကောင်းခဲ့တဲ့သူ၊ ရဲဘောရဲဘက် တွေ၊ မဟာမိတ်တွေနဲ့ ဆက်ပြီးတော့ လက်တွဲသွားပြီးတော့ ကျွန်မတို့ နိုင်ငံဟာ အားလုံးလိုချင်တဲ့ ဒီမိုကရေစီ ပြည်ထောင်စုဖြစ်တဲ့ အထိ ကျွန်မတို့ ဆက်ပြီးတော့ လျှေက်လှမ်းသွားမယ် ၊ အဲဒါအတွက် အားလုံးက စုပြီးတော့ တက်တက်ကြွကြွနဲ့ ၀ိုင်းပြီးတော့ ပါဝင်ကြပါဆိုပြီးတော့ ကျွန်မကနေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။
          အလုပ်တွေများမယ့် ကိစ္စဖြစ်လာပြီဆိုတော့ အားလုံးဟာ နံပါတ် ၁ ကတော့ မှန်ကန်တဲ့ စိတ်ဓါတ်တွေကို တောင့်ထားရမှာပါ။ မမှန်ကန်တဲ့ စိတ်ဓါတ်တွေကိုတော့ ပယ်ရှားလိုက်ပါ။ မှန်ကန်တဲ့ စိတ်ဓါတ်တွေနဲ့ ကျွန်မတို့ရှေ့ကို ဆက်ပြီးတော့ သွားရမယ်၊ အခက်အခဲတွေ အများကြီးရှိမယ်။ ဒါကျွန်မတို့ လွယ်တဲ့ လမ်းလို့ မပြောခဲ့ပါဘူး။ စပြီးတော့ ဒီလမ်းကြီးဟာ လွယ်ခဲ့တာမဟုတ်ပါဘူး။ ဒီလမ်းကြီးကလည်း အဆုံးမရှိတဲ့လမ်းပါ။ တကယ်တော့ ဒီမိုကရေစီဆိုတာ အဆုံးမရှိတဲ့လမ်းပါ။ ဒီမိုကရေစီအစိုးရတခု တက်ပြီးရင် တာတောင်မှ တည်တံ့ခိုင်မြဲဖို့ လုပ်ရတာတွေ အများကြီးရှိပါတယ်။ အခုကမ္ဘာမှာကြည့်လိုက်လို့ ရှိရင် အင်မတန်မှ ၀ါရင့်နေပြီဖြစ်တဲ့ ဒီမိုကရေစီနိုင်ငံတွေတောင်မှ ထပ်တလဲလဲ ပြဿနာတွေ ပေါ်တယ်။ ထပ်တလဲလဲ အခုလက်ရှိ ခေတ်ရဲ့ လိုအပ်ချက်တွေနဲ့ ဒီမိုကရေစီမူတွေကို ဘယ်လိုညှိရမလဲ၊ ဒီမိုကရေစီစံနှုန်းထားတွေကို ဘယ်လိုညှိရမယ် ဆိုတဲ့ ပြဿနာတွေဟာ အမြဲပေါ်နေတာ ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်မတို့လည်း ထပ်တလဲလဲ ထပ်ပြီးတော့ ကြိုးစားသွားရမယ် အင်မတန်မှ ခက်ခဲတဲ့လမ်းအရှည်ကြီးကို လျှောက်တဲ့အခါ မှာ ရဲဘော်ရဲဘက် စိတ်အပြည့်နဲ့ တဦးအပေါ်တဦး သစ္စာစောင့်ထိန်းပြီး တော့ နိုင်ငံအကျိုး ပြည်သူ့အကျိုးကိုသာ မျက်နှာမူပြီး လုပ်သွားကြပါလို့
ကျွန်မမေတ္တာရပ်ခံရင်း နိဂုံးချုပ်ပါတယ်။          ။
(မိန့်ခွန်း အစတွင် ၀ါကျ အနည်းငယ်ကျကျန် ခဲ့ပါသည်။ YPI)
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းပါတယ်။