MyinYeTat Oo THar
မြင်းရည်တက်ဦးသာ။ နိုဝင်ဘာ ၅၊ ၂၀၁၁
“အပြောင်းအလဲတွေဖြစ်ဖို့ အခြေအနေတွေရှိနေပြီ’’ လို့ ဒေါ်အောင်ဆန်းစုကြည်က စက်တင်ဘာ (၁၅) ရက်နေ့မှာ ပြောပြီးတဲ့နောက်ပိုင်းမှာ ဘယ်ကဏ္ဍတွေမှာ ထူးထူးခြားခြား ပြောင်းလဲနေတာတွေရှိသလဲဆိုတာကို မြန်မာ့အရေးစိတ်ဝင်စားသူ ပြည်သူတဦးအနေနဲ့ စိတ်စောမိပါ တယ်။
လက်လှမ်းမီသလောက် “သတင်းမီဒီယာ’’ အထူးသဖြင့် ပုဂ္ဂလိက ထုတ်ဝေနေတဲ့ဂျာနယ်တွေမှာ အပြောင်းအလဲတွေ အတွေ့ရဆုံးလို့ ကောက်ချက်ချမိပါတယ်။ ဥပဒေတခုပြဌာန်းပြီး Freedom of Expression ကို ဥပဒေကြောင်းအရ အာမခံတာမျိုး မတွေ့ရသေးတာမို့ မရဲ တရဲနဲ့ ဘာဝယ်မလဲလို့တောင် မစဉ်းစားရဲသေးပေမယ့် အပတ်စဉ်ထုတ်ဂျာနယ်တွေမှာတွေ့ရတဲ့ အပြောင်းအလဲတွေ၊ အထူးသဖြင့် စကား လုံးစာသားရွေးချယ်မှု၊ ဓာတ်ပုံဖော်ပြမှု၊ ဖော်ပြတဲ့အကြောင်းအရာ၊ ဦးစားပေးဆောင်းပါး၊ အယ်ဒီတာ့အာဘော်၊ ကာတွန်း စသည်စသည် တွေဟာ အင်မတန်အရှိန်အဟုန်ကြီးမားတဲ့ ရှစ်လေးလုံး ဒီမိုကရေစီလှုပ်ရှားမှုအရေးတော်ပုံကြီးအပြီးမှာတောင် မတွေ့ရ၊ မမြင်ရတဲ့အပြောင်းအလဲများဖြစ်တာမို့ ဒို့ပြည်သူလူထုတော့ ဒီမိုကရေစီအခွင့်အလမ်းများကို ရယူခံစားရတော့မယ့် အတိတ်ကောင်း နမိတ်ကောင်းများပါလား ရယ်လို့ စိတ်ကူးယဉ် ပီတိပွားရပါတယ်။
လက်ရှိမီဒီယာတွေ၊ ဂျာနယ်တွေကတဆင့် မျဉ်းကြောင်းပေါ်ကစာသားတွေ၊ ဓာတ်ပုံတွေကတဆင့် ဖော်ပြချက်တွေအရ ပြည်တွင်း စာနယ် ဇင်း လွတ်လပ်ခွင့်တစုံတရာရှိနေပြီလို့ ကောက်ချက်ချဖို့စောနေသေးပေမယ့် ပြည်သူလူထုကတော့ သည်အခွင့်အလမ်းတွေ စတင်ခံစားနေရပြီလို့ ထင်မိပါတယ်။ အရင်က ဘောလုံးပွဲ၊ နှစ်လုံး၊ သုံးလုံး၊ ဘိလိယက်နဲ့ အရက် သေစာကလွဲလို့ အခြားစိတ်မဝင်စားတဲ့လူငယ် အချို့ဟာ အခုဆိုရင် ဂျာနယ်တွေဖတ်ပြီး နိုင်ငံရေးအကြောင်း ပြောနေကြပြီ လို့ မိတ်ဆွေတဦးကပြောပါတယ်။ ဒါကြောင့် ဂျာနယ်တွေက ဖော်ပြတဲ့ မျဉ်းကြောင်းပေါ်က အကြောင်းအရာတွေသာမက မျဉ်းကြောင်းတွေကြားက အဓိပ္ပါယ်တွေကိုပါ ဆန်းစစ်ဖော်ထုတ်ကြည့်မိပါတယ်။ ကျနော်ဖတ်မိသ၍ ဂျာနယ်တွေ အားလုံးလိုလိုက တာဝန်ရှိ၊ တာဝန်သိ Responsible Media တွေအဖြစ် ခေတ်ရဲ့တာဝန်ကို ထမ်းဆောင်နေ တာတွေ့ရတော့ ဝမ်းသာရသလို ဂုဏ်လဲယူရပါတယ်။ ငါတို့မြန်မာတွေဟာ အခွင့်အရေးရရင် လုပ်တတ်ကိုင်တတ်ရှိကြတယ်၊ ထက်မြက်မှုရှိ ကြတယ်၊ အရေးကြုံရင် သက်လုံကောင်းကြသူတွေပါလားလို့ အားတက်မိပါတယ်။ အထူးသဖြင့် အခု လတ်တလောထုတ်ဝေနေတဲ့ ဂျာနယ်တွေဟာ တိုင်းပြုပြည်ပြုလက္ခဏာဆောင်တယ်၊ တိုင်းချစ်ပြည်ချစ်စိတ်ဓာတ်ကို အားပေးတယ်။ အစိုးရနဲ့ အတိုက်အခံကြား ဘက်မ လိုက်ဘူး။ ပြည်သူလူထုအတွက် အကျိုးစီးပွားကိုရှေ့ရှုပြီး နှစ်ဖက်နှစ်ဝ ပြေလည်ညီညွတ်စေမယ့်အရာများအပေါ် အားပေးအားမြှောက်ပြုတယ်ဆိုတာတွေ့ရတယ်။ ရပ်တည်ချက်ကောင်းတယ်လို့ ဆိုရမှာပါ။ ဥပမာ မြစ်ဆုံဆည် ကိစ္စဆိုရင် ပြည်သူလူထုအကျိုးအတွက်ပဲကြည့်ပြီး ရပ်တည်ရေးသားကြတယ်။ အစိုးရနဲ့ဒေါ်စု တွေ့ဆုံဆွေးနွေးနေတဲ့ကိစ္စ၊ အကျဉ်းသားလွှတ်ရေးကိစ္စ၊ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စ ရပ်များ မှာလည်း ရေးသားကြ၊ ဖော်ပြကြတာတွေဟာ အပြုသဘောဆောင်ပြီး နိုင်ငံကြီးသားစိတ်ဓာတ်နဲ့ ဂုဏ်သိက္ခာရှိကြပါလားလို့ ဂုဏ်ယူပီတိ ပွားရပါတယ်။
ဒါပေမယ့် … အဲ့ဒီ ဒါပေမယ့်က ပေါ့သေးသေးဒါပေမယ့်တော့ မဟုတ်ပါ။ ခပ်ကြီးကြီးဒါပေမယ့်လို့ ဆိုနိုင်ပါတယ်။ ဘာ့ကြောင့် ဒါပေမယ့် ဆိုတာလေးကို ရှင်းပါရစေ။ ယနေ့ခေတ်ရဲ့ဂျာနယ်တွေဟာ သမိုင်းကိုပြောလိမ့်မယ်လို့ ယူဆတာမို့ ပြည်သူ့ခေတ်၊ Monitor, Northern Star, Voice နဲ့ ရန်ကုန်တိုင်းမ်တို့ကို အပတ်စဉ် ဝယ်ယူဖတ်ရှုပြီး ဖိုင်တွဲသိမ်းဆည်းမိပါတယ်။ တနေ့နေ့တော့ “ဂျာနယ်များကပြောတဲ့ မြန်မာ့သမိုင်း” ဆိုတဲ့ခေါင်းစဉ်နဲ့ လူထုဦးလှကိုအားကျပြီး စာတစောင်ပေတဖွဲ့ရေးမယ်ဆို တဲ့စိတ်ကူးလေးနဲ့ပါ။
ဒါပေမယ့် … ဖြစ်ရတာက နိုဝင်ဘာ (၃.၉.၂ဝ၁၁) ထုတ်ဝေတဲ့ အတွဲ (၇) အမှတ် (၄၂) ရန်ကုန်တိုင်းမ်ဂျာနယ်ပါ။ အချပ်ပို (က) နဲ့ (ဃ) ၂ ဘက်စလုံးမှာ စာမျက်နှာအပြည့်ဖော်ပြထားတဲ့ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကိုအသိအမှတ်ပြုပါတယ်ဆိုတဲ့ ခေါင်းကြီးနဲ့ ပြည်ထောင်စုလွှတ် တော်နာယက ဦးခင်အောင်မြင့်နဲ့ ရန်ကုန်မီဒီယာဂရု (ပ်) လီမိတက်ဥက္ကဌ ဦးကိုကို (ကိုကို-စက်မှုတက္ကသိုလ်) တွေ့ဆုံမေးမြန်းခန်းပါ။ ခေါင်းစဉ်က သိပ်ဆွဲဆောင်အားကောင်းတာမို့ ဂျာနယ်ရရချင်းပဲ လုပ်လက်စအလုပ်ချထားပြီး သည်အင်တာဗျူးကို ကောက်ဖတ်မိပါတယ်။ တယ်ဟုတ်ပါလားပေါ့။
ဖတ်ပြီးပြီးချင်းပဲ မှန်းချက်နဲ့ နှမ်းထွက်လွဲတာမို့ စိတ်ပျက်ရပါတယ်။ ဦးကိုကိုက ပြည်ထောင်စုလွှတ်တော် နာယကတဦးအနေနဲ့ ၁၉၉ဝ ပြည့် ရွေးကောက်ပွဲရလဒ်အသိအမှတ်ပြုပါသလားလို့မေးတော့ ဦးခင်အောင်မြင့်က “၁၉၉ဝ ပြည့်ရွေးကောက်ပွဲတုန်းက မဲဆန္ဒနယ် ဘယ်နှစ်နယ် ရှိတယ်၊ ဘယ်နှစ်ပါတီရှိပြီး သည်ပါတီတွေက ဘယ်နေရာတွေမှာ ဘယ်လောက်နိုင်တယ်” ဆိုတာတွေကို ကိန်းဂဏန်းတွေ၊ ရာနှုန်းတွေနဲ့ အကြာကြီးပြောသွားတာ ဖတ်ရပါတယ်။ ဒါတွေက ပြည်ထောင်စု လွှတ်တော်နာယကကြီးပြောမှမဟုတ်ပါ။ ၁၉၉ဝ ပါတီစုံရွေးကောက် ပွဲမှတ်တမ်းမှာ အကုန်ရှိနေတာပဲလို့ တွေးမိပါတယ်။ ဒါလောက် ကိန်းဂဏန်းတွေ၊ စာရင်းဇယားတွေကို နာယကကြီးအနေနဲ့ အလွတ်ရမယ် မဟုတ်တော့ စာရွက်ဖတ်ပြရတာများလို့ပဲ ထင်မိပါတယ်။
နာယကကြီးက “၁၉၉ဝ ပြည့်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါတယ်။ အသိအမှတ်ပြုလို့လဲပဲ အသေးစိတ်ရလဒ် အခြေအနေကို ပြောပြခြင်းဖြစ်ပါတယ်။ ဒါဟာ ဖျောက်ဖျက်လို့ရတဲ့ကိစ္စလည်းမဟုတ်ပါဘူး။ ဖျောက်ဖျက်ဖို့လည်း စိတ်ကူးမရှိပါဘူး’’ လို့ ပြောတာကို စာဖတ်သူ ထူးထူးခြားခြားမြင်သာအောင် စာလုံးအမဲနဲ့ သီးခြား Bold လုပ်ပြီး ဖော်ပြထားတာတွေ့ရတယ်။ Propaganda လုပ်ပေးနေတာ လားလို့တောင် တွေးမိပါတယ်။
သည်အင်တာဗျူးမှာ နာယကကြီးအဖြေတွေကို စာဖတ်သူက ပိုပြီးဂရုစိုက်စေချင်လို့ စာလုံးအမဲနဲ့ Bold လုပ်ထားတာ ၂ ပုဒ် တွေ့ရပါ သေးတယ်။ ဒါတွေက ..
ကျနော်တို့ ကြိုဆိုပါတယ်။ ဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အဖွဲ့တွေအားလုံးဟာ နိုင်ငံသားတွေအနေနဲ့ ရွေးကောက်ပွဲမှာလည်း နောက်အရွေးခံပိုင်ခွင့်ရှိပါတယ်။ ပြည်သူကရွေးချယ်လိုက်ပြီဆိုရင် လွှတ်တော်ထဲရောက်လာမှာပါ။ ရောက်လာရင် ဒေါ်အောင်ဆန်းစုကြည် တယောက်အနေနဲ့ ပြောရမယ်ဆိုရင် သူဟာ နိုင်ငံတကာဗဟုသုတ ပြည့်ဝတယ်။ ပညာတတ်တယောက်ဖြစ်တယ်။ အဲဒါကြောင့် နိုင်ငံတော် တည်ဆောက်ရေးမှာ အများကြီးအားကိုးရမယ်။ လွှတ်တော်က ကြိုဆိုပါတယ်။ နာယကတယောက်အနေနဲ့လည်း ကြိုဆိုပါတယ်။ လွှတ်တော်မှာရှိတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေလည်း ဒီလိုပဲသဘောထားမယ်ဆိုတာ ယုံကြည်ပါတယ်။
ဆိုတာအပြင် …
“ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီးရဲ့သမီးဖြစ်တယ်။ အဲ့ဒါအပြင် ထိုက်သင့်တဲ့အရည်အချင်း လည်းရှိတယ်’’
“ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ကျနော်တို့ အမျိုးသားခေါင်းဆောင်ကြီးရဲ့သမီးဖြစ်တယ်။ အဲ့ဒါအပြင် ထိုက်သင့်တဲ့အရည်အချင်း လည်းရှိတယ်’’
သည်အင်တာဗျူးကို အသေအချာဖတ်ကြည့်ပြီးတဲ့နောက်မှာ အရင်က အတွင်းမီဒီယာတွေအပေါ် Impress အထင်ကြီးလေးစားမှုက အရှိန်လျော့သွားပါတယ်။ မှန်ချင်မှန်မယ်၊ မှားချင်မှားမယ်။ အာရုံသိကပေးတဲ့ ချက်ချင်းသိတဲ့အသိမို့ ဒါကို ဘယ်လိုအကြောင်းပြချက်နဲ့မှ ရောထွေးပစ်လို့ မဖြစ်ဘူးဆိုတာ အတွေ့အကြုံအရသိပါတယ်။
နာယကကြီးကတော့ စစ်ဗိုလ်တဖြစ်လဲ နိုင်ငံရေးသမားမို့ မီဒီယာကတဆင့် ပြည်သူလူထုကို သူပေးချင်တဲ့ Message ပေးသွားတာကို အထူးပြောစရာမရှိပါ။ အပြုသဘောဆောင်တယ်လို့တောင် တွေးရဦးမှာဖြစ်ပါတယ်။
ကျနော်ဘဝင်မကျမိတာက ရန်ကုန်တိုင်းမ်ပါ။ နာယကကြီးက ၁၉၉ဝ ပြည့်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုပါတယ်လို့ ပြောလာတဲ့ နောက်ပိုင်းမှာ ဘယ်လိုအသိအမှတ်ပြုမှာလဲ ဆိုတဲ့မေးခွန်းကို ဘာ့ကြောင့်မမေးတာလဲဆိုတာ ကျနော် စဉ်းစားလို့မရပါ။ ရန်ကုန်တိုင်းမ်လို အစဉ်အလာကြီးမားတဲ့ ဂျာနယ်တခုဖြစ်ရုံသာမက အင်တာဗျူးမေးခွန်းကို မေးနေတာက သူငယ်နှပ်စား လုပ်သက်နုအတွေ့အကြုံမရှိတဲ့ သတင်းသမားပေါက်စနလေးမဟုတ်တဲ့ ရန်ကုန်တိုင်းမ်ရဲ့ Big Boss ဖြစ်တဲ့ ရန်ကုန်မီဒီယာဂရု(ပ်)လီမိတက်ဥက္ကဌ ဦးကိုကို ကိုယ်တိုင်ဖြစ်နေလေတော့ ဘဝင်မကျမှုက ပိုကြီးမားလာရပါတယ်။ ဒါ့အပြင် ဦးကိုကိုက စကားလမ်းကြောင်းပြောင်းပြီး ဒေါ်စုနဲ့ သူ့အဖွဲ့မှတ်ပုံတင်ကိစ္စမေး တာမို့ သည်ကိစ္စ တခုခုလွဲနေပြီလို့ ခံစားရပါတယ်။
တကယ်လို့သာ ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ဘယ်လိုအသိအမှတ်ပြုလဲလို့သာ ဦးကိုကိုက တာဝန်ရှိသူ Media သမားတယောက်အနေနဲ့ ပြည်သူလူထု သိပ်သိချင်နေတဲ့မေးခွန်းကို မေးခဲ့မယ်ဆိုရင် နာယကကြီးက စာဖတ်သူတွေ ကျေနပ် လောက်အောင် အဖြေမပေးခဲ့ရင်တောင်မှ Media ရဲ့ဂုဏ်သိက္ခာ၊ တာဝန်ခံမှု၊ လူထုအကျိုးပြုမှုတွေကို ပြည်သူက ဆထက်ထမ်းပိုးတိုးပြီး လေးစားဂုဏ်ယူကြမှာဖြစ်ပါတယ်။
ဒီမိုကရေစီနိုင်ငံတွေရဲ့ စတုတ္ထမဏ္ဍိုင်လို့ အလေးထားတင်စားရတဲ့ မီဒီယာတွေဟာ ပြည်သူလူထုမှတပါး ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းရဲ့လက်ကိုင်ဒုတ်မဖြစ်ဖို့၊ အတိုက်အခံရော၊ အစိုးရသာမက နိုင်ငံခြားတိုင်းတပါးရဲ့ အသုံးချခံမဖြစ်ဖို့ အထူးလိုအပ်ပါတယ်။ ပါလီမန်ဒီမိုကရေ စီခေတ် (၁၉၄၈-၁၉၆၂) အတွင်း တချို့သတင်းစာ၊ ဂျာနယ်တွေရဲ့ ဂုဏ်သိက္ခာမဲ့လုပ်ရပ်တွေဟာ မြန်မာပြည်ဒီမိုကရေစီဖြစ်ထွန်းရေးကို ဘယ်အတိုင်းအတာအထိ ထိခိုက်နစ်နာစေခဲ့တယ်ဆိုတာ စာရှည်နေမှာစိုးတာမို့ အထူးမပြောလိုတော့ပါ။ သည်ခါးသီးလှတဲ့အတိတ်က အတွေ့အကြုံတွေကို သင်ခန်းစာယူပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားနဲ့ အမျိုးသားအကျိုးစီးပွားကလွဲရင် ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း ရဲ့အသုံးချတာကိုမှမခံတဲ့ လွတ်လပ်တဲ့ Media များအဖြစ် နောင်မျိုးဆက်တွေကို လက်ဆင့်ကမ်းလက်လွှဲပေးဖို့ အခု Media လုပ်ငန်းကိုလုပ် ကိုင်နေကြတဲ့ Big Boss ကြီးများကို မေတ္တာရပ်ခံကြောင်းပါ။ (မိုးမခ) မှ ကူယူတင်ထားပါသည်
No Response to "ဘာကြောင့် ဒီမေးခွန်းကို မမေးတာလဲ"
Send en kommentar