အိန္ဒိယအပေါ် ၀န်ကြီးကလင်တန် တိုက်တွန်းချက် မြန်မာ့ဒီမိုအင်အားစုများကြိုဆို July 21st, 2011 | Add a Comment | 213 views

0



 မြန်မာ့အရေးနဲ့ ပတ်သက်၍ အိန္ဒိယအစိုးရ အပေါ် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်၏ တိုက်တွန်းပြော ဆိုချက်ကို အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများက ကြိုဆိုထောက်ခံကြောင်း ပြောဆိုကြသည်။ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံ ဖြစ်သည့် အိန္ဒိယ အစိုးရအနေဖြင့် မြန်မာ့ ဒီမိုကရေစီအရေးနှင့် ပတ်သက်ပြီး ပိုမို အလေးထား ဆောင်ရွက်ရန်နှင့် မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသော လူ့အခွင့်အရေး ချိုးဖောက်မှုအခြေအနေများအား ရေငုံနှုတ်ပိတ်မနေပဲ ထုတ်ဖော်ပြောဆိုရန် တာဝန်ရှိကြောင်း ဇူလိုင်လ ၂၀ ရက်နေ့က မစ္စက် ကလင်တန်၏ ပြောဆိုချက်အပေါ် ကြိုဆိုထောက်ခံလိုက် ကြခြင်း ဖြစ်သည်။

မြန်မာနိုင်ငံ အဝေးရောက်ညွန့်ပေါင်းအစိုးရအဖွဲ့မှ ပြန်ကြားရေးဝန်ကြီး ဒေါက်တာတင့်ဆွေက “ခုလို ကမ္ဘာ့ရှေ့ဆောင် ဒီမိုကရေစီနိုင်ငံကြီး ခေါင်းဆောင်ကနေပြီးတော့ ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံကိုလာပြီးတော့ ကမ္ဘာ့မှာ ဒီမိုကရေစီနိုင်ငံ အမဲ့ဆုံးနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံအကြောင်းကို လာပြီးပြောသွားတာဟာ အင်မတန်မှ လျှော်ကန်သင့်မြတ်တဲ့ မှတ်ချက်လို့ မြင်တယ်’’ ဟုသူက ပြောသည်။
ယခုတစ်ကြိမ်သည် မြန်မာ့အရေးနှင့် ပတ်သက်ပြီး အမေရိကန်အစိုးရမှ အိန္ဒိယအစိုးရအား ဒုတိယအကြိမ်မြောက် သတိပေးပြောဆိုခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် အမေရိကန်သမ္မတ အိုဘားမားက အိန္ဒိယပါလီမန်၌ အလားတူ ပြောဆိုခဲ့သေးသည်။ အိုဘားမား တိုက်တွန်းပြောဆိုခဲ့သည့် နောက်ပိုင်းမှစကာ မြန်မာ့အရေးနဲ့ပတ်သက်၍ အိန္ဒိယအစိုးရအနေဖြင့် အပြုသဘောဆောင်သော လုပ်ရပ်တချို့တွေ့မြင်လာရသည်ဟု မြန်မာ့အရေးလှုပ်ရှားနေသော Burma Center Delhi (BCD) မှ ကိုကင်မ် ကပြောသည်။

“သမ္မတအိုဘားမားက ပြောပြီးတဲ့ နောက်ပိုင်းမှာအိန္ဒိယနိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံသွားတဲ့ အချိန်မှာလည်းသူ့ရဲ့အတွင်းရေးမှူးက မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံမှုတွေ လုပ်လာတယ် ဒါပထမဆုံးအကြိမ်လို့ ပြောလို့ရပါတယ်၊ ဒါကြောင့် ဖြည်းဖြည်းချင်းတော့ အပြုသဘော ဆောင်လာတယ်လို့ မြင်ပါတယ်’’ ဟုသူကပြောသည်။

ဝန်ကြီးကလင်တန်မှ ယခုအသစ်တဖန် ပြန်လည်တိုက်တွန်းပြော ဆိုခဲ့သည့် အပေါ်တွင်လည်းချက်ချင်း အပြောင်းအလဲ ဖြစ်မလာနိုင်သည့်တိုင် အိန္ဒိယ အစိုးရအနေဖြင့် မြန်မာ့အရေးနှင့်ပတ်သက်၍ အပြုသဘောဆောင်သော လုပ်ဆောင်မှုများ ဖြည်းဖြည်းချင်း ပြောင်းလဲနိုင်မည်ဟု ယုံကြည်ကြောင်း ကိုကင်မ်က ဆက်ပြောသည်။

ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သည့် အိန္ဒိယအစိုးရသည် ယခင်က မြန်မာ့ဒီမိုကရေစီ အရေးကို ထောက်ခံအား ပေးမှုများ ရှိခဲ့သော်လည်း ၁၉၉၂ ခုနှစ်နောက်ပိုင်း ၄င်း၏ အရှေ့မျှော်ဝါဒ ကျင့်သုံးလာချိန်မှစ၍ မြန်မာအစိုးရနှင့် ရင်းရင်းနှီးနှီး ဆက်ဆံမှုပြုလာခဲ့သည်။ သို့သော် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် အိန္ဒိယ နိုင်ငံဖက်မှ အပြောင်းအလဲ တချို့ ရှိကြောင်း ဒေါက်တာတင့်ဆွေက ယူဆသည်။

“အရှေ့မျှော်ဝါဒကို ကျင့်သုံးတဲ့အခါမှာ တက်နေတဲ့အစိုးရကို ပူးပေါင်းဆောင်ရွက် ရမယ်ဆိုတဲ့ ကောက်ချက်အရ အုပ်ချူပ်နေတဲ့အစိုးရကို တဖက်သက် ချဉ်းကပ်တာဖြစ်တယ်၊ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ နောက်ပိုင်းမှာတော့ ချဉ်းကပ်မှု   တမျိုးပြောင်း လာပါတယ်။ ဒီအတွက်ဘဲ မစ္စက် ကလင်တန်က ဗမာနိုင်ငံနဲ့ထိတွေ့ ဆက်ဆံရေးမှာ စစ်အစိုးရတခုထဲ မဟုတ်ဘဲနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီ အင်အားစုတွေ နဲ့လည်း စေ့စပ်မှုကိုပိုပြီးတော့ ကျင့်သုံးဖို့  ပြောသွားတာဘဲဖြစ်ပါတယ်’’ ဟုဒေါက်တာတင့်ဆွေက ပြောသည်။ http://khonumthungburmese.org/?p=1588

No Response to "အိန္ဒိယအပေါ် ၀န်ကြီးကလင်တန် တိုက်တွန်းချက် မြန်မာ့ဒီမိုအင်အားစုများကြိုဆို July 21st, 2011 | Add a Comment | 213 views"

Send en kommentar

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းပါတယ်။