ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ် ပြန်လည်စတင် Friday, 08 July 2011 09:30
0
ရန်ကုန်မြို့တော်အတွင်းရှိ ရပ်ကွက်များအတွင်း ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်ကို ဇူလိုင်လ ၄ ရက်နေ့မှ စတင်၍ ပြန်လည် စတင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ယခင်က ကျင့်သုံးခဲ့သည့် ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်ကို ပြန်လည်စတင်မည်ဖြစ်၍ စည်းကမ်းမဲ့ အမှိုက်မစွန့်ပစ်ကြရန်၊ အမှိုက်သိမ်းယာဉ်သို့ လာရောက်စွန့်ပစ်ကြရန် ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးများမှတစ်ဆင့် ရပ်ကွက်များအတွင်း အသိပေး ကြေညာမှုများကို ပြုလုပ်ခဲ့သည်။ မွန်းလွဲ ၂ နာရီမှ ၅ နာရီအတွင်း အမှိုက်သိမ်းယာဉ်များ လာရောက် သိမ်းဆည်းမည်ဖြစ်ပြီး ခေါင်းလောင်းတီးစနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ယင်းကြောင့် စည်းကမ်းမဲ့ အမှိုက်စွန့်ပစ်မှုများ၊ ချောင်းနှင့် မြောင်းများအတွင်းသို့ စွန့်ပစ်မှုများ မပြုလုပ်ကြရန်၊ နောက်ဖေးလမ်းကြားများသို့ ပစ်မချကြရန်နှင့် ဒဏ်ငွေများတပ်ရိုက် အရေးယူသွားမည်ဖြစ်ကြောင်း ရပ်ကွက်များအတွင်း လှည့်လည် သတိပေး ကြေညာမှုများ ပြုလုပ်ခဲ့သည်။ ခေါင်းလောင်းတီး အမှိုက်သိမ်း စနစ်ကို ယခင်က ဆောင်ရွက်ခဲ့ပြီး နောက်ပိုင်းတွင် အမှိုက်သိမ်းယာဉ် ပုံမှန်မလာမှုကြောင့် အမှိုက်စွန့်ပစ်ရန် အခက်အခဲများ ရှိလာကြသည်။ ယင်းကြောင့် ပုဂ္ဂလိကအမှိုက်သိမ်း လှည်းများထံသို့ အခကြေးငွေပေးကာ စွန့်ပစ်နေကြရပြီး နောက်ပိုင်းတွင် အမှိုက်ကန်များ ပြုလုပ်ကာ ပုဂ္ဂလိကသို့ ဆောင်ရွက်ခွင့်ပြုခဲ့သည်။ ပုဂ္ဂလိက အမှိုက်သိမ်း လှည်းများသည် အမှိုက်များကို အမှိုက်ကန်များသို့ သွားရောက်စွန့်ပစ်မှု မပြုလုပ်ကြဘဲ နီးစပ်ရာ ချောင်းနှင့်မြောင်းများ အတွင်းသို့ စွန့်ပစ်မှုများလည်း ရှိနေကြသည်ဟု သိရသည်။ ယင်းနောက် ပုဂ္ဂလိကသို့ ဆောင်ရွက်ခြင်း ခွင့်မပြုတော့ဘဲ အချို့သောမြို့နယ် ရပ်ကွက်များတွင် ရပ်ကွက်တာဝန်ရှိသူများ၏ ခွင့်ပြုချက်ဖြင့် နေ့စဉ် အမှိုက်သိမ်းပေးသော အမှိုက်သိမ်းလှည်းများဖြင့် လစဉ် အခကြေးငွေပေး၍ ဆောင်ရွက်နေရာမှ ယခုအခါ ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ်ကို ပြန်လည် စတင်မည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့ကြောင်း သိရပါသည်။ ရန်ကုန်မြို့တွင် နေ့စဉ်အမှိုက်တန်ချိန် ၁၆၀၀ ခန့် သိမ်းဆည်း ရှင်းလင်းလျက်ရှိပြီး အမှိုက်သိမ်းယာဉ် အစီး ၂၀၀ ကျော်ဖြင့် ဆောင်ရွက်နေသည်ဟု သိရသည်။ နေ့စဉ် စွန့်ပစ်အမှိုက်များတွင် နေအိမ်များမှ စွန့်ပစ်သည့် မီးဖိုချောင်အမှိုက်များမှာ အများဆုံး သိမ်းဆည်းရကြောင်း ၂၀၁၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ထုတ် Bi Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။
Abonner på:
Kommentarer til indlægget (Atom)
No Response to "ခေါင်းလောင်းတီး အမှိုက်သိမ်းစနစ် ပြန်လည်စတင် Friday, 08 July 2011 09:30"
Send en kommentar