ကိုဘချစ်ကလည်း တပည့်ခင်မောင်နှင့် တွဲရိုက်ထားသော ဓာတ်ပုံကို ပို့လိုက်ရာ စိုးစိုးသည် ဓာတ်ပုံ ရရှိသော အခါ ကိုဘချစ်ကို မထင်ဘဲ ခင်မောင် သာလျှင် သူ့ရည်းစားဟု ထင်မှား နေလေသည်။ မကြာမီ ဒေါ်မြလေး တိုက်တွန်းမှုကြောင့် စိုးစိုးနှင့် ဒေါ်မြလေးတို့သည် ကိုဘချစ် ရှိရာ ပေါင်းတည်သို့ လိုက်လာရာ လမ်းတွင် ခွဲထွက်လာသဖြင့် စိုးစိုးက အရင်ရောက်နှင့် လာပြီး ကိုဘချစ်ကို အခိုင်း သမားထင်ပြီး ခင်မောင်ကို ရည်းစား အထင်သွင်ဖြင့် ဆက်ဆံနေရာ တစ်ညဗုံးများ အချတွင် ခင်မောင်နှင့် စိုးစိုး လွန်လွန်ကြူးကြူး ဖြစ်သွားကြသည်။ အဖြစ်အပျက် အလုံးစုံကို အောင်သွယ် ဒေါ်မြလေး ရောက်လာမှ သုံးဦးသား ရှင်းရာမှာ ခင်မောင်က ဆရာ့ ရည်းစားမှန်း သိရှိခဲ့သည်။
သို့ရာတွင်က ခင်မောင် အပေါ် မေတ္တာ မဖြတ်နိုင်သည်က တစ်ကြောင်း၊ ဂျပန်များကို တော်လှန်မည့် အမျိုးသား ရေးလုပ်ငန်းတွင် ခင်မောင်နှင့် အတူ တက်ကြွ စွာပါဝင် လုပ်ဆောင်လိုစိတ် ပြင်းပြသည်ကတစ် ကြောင်း၊ ခင်မောင်နှင့် လိုက်သွားသည်။ ဂျပန် တော်လှန်ရေးတွင် ပေးအပ်သည့် တာဝန်များကို တော်လှန် ရေးသမားများနှင့် တိုက်ပွဲဝင်စဉ် စိုးစိုးမှာ ကျဆုံးသွားသည်။
လွမ်းခွေရစ်သီ ဇာတ်ကားကို ထိုစဉ်က ပရိသတ်ကြီး စိတ်ဝင်စားရန် သတင်း စကားပေး သွားပုံမှာ ရှေးဖြစ်ဟောင်း အောက်မေ့စရာ ဂျပန် ခေတ်မြန်မာ တွေရဲ့ အဖြစ်သနစ်ကို တနုံ့နုံ့စမြုံ့ ပြန်ရှုစားရင်း ပါးစပ် အားမနေရအောင် တ၀ါးဝါး တဟားဟား ရယ်နေကြရမည့် အပြင် ဘီရူးမာနှင့် မောင်ပန် ဗြောင်းဆန်အောင် ဆော်ကြမည့် တော်လှန်ရေး တိုက်ပွဲကြီးများကို အသဲ တယားယား ရှုစားကြရမည်။ ဟူ၍ဖြစ်သည်။
ယင်းဇာတ်ကားနှင့် ပတ်သက်၍ ဟံသာဝတီ သတင်းစာကြီးက လွမ်းခွေရစ်သီ၏ ထူးခြား ချက်ကတော့ တစ်ဘာသာ ဆန်းနေသည်။ ယနေ့ မြန်မာရုပ်ရှင် လောကတွင် ပြသနေကြသည့် ဇာတ်လမ်း အဆင်မျိုး အရောင်မျိုး မဟုတ်ဘဲ မူကွဲနေသည်။ လွမ်းခွေရစ်သီတွင် စွန့်စားထားသော အာရုံသစ် တစ်ခုကို မြင်ရပြန်လိမ့်မည်။ မင်းသမီးသစ် ကေတုမတီစိုးစိုးကို ထူးခြားစွာ ပွဲထုတ်လိုက်သည့် အဖြစ် ဆိုနိုင်သည်။ မင်းသား ခင်မောင် သဘာဝ ရုပ်ပြနှင့် ပွင့်သစ်စ မင်းသမီးစိုးစိုး တို့၏ အပြိုင်ကြဲ အနိုင်ကြဲပုံကတော့ လွမ်းခွေ ရစ်သီကို အကောင်းဆုံး ဖန်တီးပေးသလို မြင်ရတော့မည်။ လွမ်းခွေရစ်သီကတော့ ခပ်ကြွားကြွား ခပ်မော်မော် ကလေး ထွက်လာပေသည်ဟု ရေးသား လိုက်မိ၏။ ဟူ၍ ဖြစ်သည်။
ဤဇာတ်လမ်းမှာ ဂျပန်ခေတ်က အဖြစ်အပျက် တစ်ခုကို မူတည်၍ အမျိုးသားရေး လှုပ်ရှား တက်ကြွမှုဖြင့် ပေါင်းစပ်ထားသော ဇာတ်လမ်းမျိုး ဖြစ်၍ ဇာတ်အိမ် ဖန်တီးမှု အကွေ့အကောက် မပါရှိသော ဇာတ်ကား ဖြစ်သလို ဖလင် ကော်ပြားနှင့် ဂျပန်ခေတ် အခြေအနေ အမျိုးသားစိတ် တက်ကြွ လှုပ်ရှားမှုများကို အသံထွက်ခေတ် အပြီးတိုင် ကူးပြောင်းစ အချိန်တွင် အကောင်းဆုံး ထွက်ပေါ် လာသော ဖက်ဆစ်ဂျပန် တော်လှန်ရေးကား တစ်ကား ဖြစ်သည်ကို ကြည့်ရှု မှတ်သား ထားမိ၏။ (လွမ်းခွေရစ်သီ)ကို သရုပ်ဆောင် ဒါရိုက်တာ ခင်မောင်က ခင်မောင်၊ ဘချစ်၊ ကေတု မတီ စိုးစိုး၊ ဒေါ်မြလေး၊ စိန်ဝင်းတို့နှင့် ရိုက်ကူးပြီး ၂၉-၁၂-၅၇ တွင် သွင်ရုံ၌ တင်ဆက်ရာပင် ၆၇၅၈၀ ကျပ်ပြား ၅၀ ရရှိခဲ့သည်။
၁၉၅၈ ခုနှစ်တွင် သူပါဝင်သော ဇာတ်ကား နှစ်ကားရုံ တင်ခဲ့ရာ သက်ရှည်ဖလင် အတွက် သရုပ်ဆောင် ဒါရိုက်တာ သက်ရှည်က ခင်မောင်၊ သီသီ၊ သက်ရှည်တို့နှင့် (မြ၀တီအောင်ဘန်း) ကို ရိုက်ကူးပြီး ၇-၃-၅၈ တွင် ရာဇ်(Ritz) ရုံတွင် ပြသသည်။ သူ နောက်ဆုံး ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်ခဲ့သော ဇာတ်ကားမှာ စာဆိုတော် ရုပ်ရှင်မှ ဒါရိုက်တာ စာဆိုတော် သန်းထွန်းက ခင်မောင်၊ မေမြ၊ မြင့်စိုးတို့နှင့် ရိုက်ကူးသွားသော (ချစ်ဝေစု) ပင် ဖြစ်သည်။ ယင်းဇာတ်ကားကို ၂၃-၅-၅၈ တွင် ရွှေဂုန်ရုံမှာ ပြခဲ့၏။
ထိုနောက်ပိုင်းတွင် သူသည် အရေးပါသော ဇာတ်ပို့ အခန်းများ တွင်သာ ပါဝင်သွားရာ ဒါရိုက်တာ သန်းကျော်ဌေးက ထွန်းဝေ၊ ခင်သန်းနု၊ ခင်မောင်ဇင်၊ ဒေါ်မေနွဲ့၊ ခင်မောင်နှင့် (စောမြတ်မွန်) ကို ရိုက်ကူးပြီး ၁၄-၅-၆၅ တွင် နေပြည်တော်၊ ရွှေဂုန်၊ ရွှေမန်းရုံ တို့တွင် ပြသခဲ့၏။ မဟာဗောဓိ ရုပ်ရှင်မှ ဒါရိုက်တာ မောင်မိုးမြင့်က သက်ရှည်၊ တင်တင်အေး၊ အောင်ဆွေ၊ ဦးကျောက်လုံး၊ ခင်မောင် တို့နှင့် (မေတ္တာ လှလှ ပန်းလှလှ) ကို ရိုက်ကူးကာ ၂၄-၁၀-၆၉ တွင် နေပြည်တော်၊ ရွှေမန်း၊ မရိုးဆန်းရုံ တို့မှာ ပြသည်။ ယင်းရုပ်ရှင်မှပင် ဒါရိုက်တာ မောင်မိုးမြင့်က ထွန်းဝေ၊ မြတ်လေး၊ ခင်သန်းနု၊ ခင်မြင့်ကြူ၊ သာဆန်း၊ ခင်မောင်တို့နှင့် (သူတို့ဖို့လဲ ပိုချစ်ပါ) ကို ရိုက် ကူးပြီး ၇-၅-၇၁ တွင် နေပြည်တော်၊ ရွှေမန်း၊ မရိုးဆန်း ရုံတို့မှာ ပြ၏။ (ပြုံးပန်းပွင့်သော်) ကို ဒါရိုက်တာ မောင်စိန်သော်က ရိုက်ကူးပြီး ၁၂-၅-၇၂ တွင် ရှေ့ဆောင်၊ ရွှေမန်း၊ ဘုရင့်နောင်ရုံတို့မှာ ပြခဲ့သော ဇာတ်ကားတွင် တွံတေးသိန်းတန်၊ တင်တင်နွဲ့၊ နွဲ့နွဲ့မူ၊ ခင်မောင်တို့ ပါဝင်သည်။
ဒါရိုက်တာ မောင်မိုးမြင့်က ကျော်ဟိန်း၊ ခင်သန်းနု၊ အောင်ဆွေဦး၊ နွဲ့နွဲ့စန်း၊ ခင်မောင်တို့နှင့် ဖန်တီးပြီး ၁၃-၁၀-၇၂ တွင် ရှေ့ဆောင်၊ တပင်ရွှေထီး၊ ဘုရင့်နောင်ရုံ တို့တွင် ပြသွားသော ကားမှာ (ဖူးစာ တရေးနိုး) ပင်ဖြစ်သည်။ ဒဂုန်ရုပ်ရှင် မှ ဒါရိုက်တာ မောင်မိုးသူက တွံတေးသိန်းတန်၊ တင်တင်ညို၊ မြင့်ဖေ၊ ဂျော်လီဆွေ၊ သွဲ့သွဲ့အေး၊ ခင်မောင်၊ ဒေါ်သိန်း ရှင်တို့နှင့်ရိုက်ကူးပြီး ၁၇-၁၁-၇၂ တွင် နေပြည် တော်၊ရတနာပုံ၊ ရွှေဗဟိုရုံတို့မှာ ပြခဲ့၏။ ယင်းဇာတ် ကားမှာ (မှုန်နံ့သာခြယ်ကာ သပါလို့) ဖြစ်သည်။ စာရေးဆရာ ဒါရိုက်တာ ဦးသုခက လွတ်လပ် ရေးရုပ်ရှင်မှ (ချစ်မုန်းမာန်)အား ကောလိပ်ဂျင် နေ၀င်း၊ တွံတေးသိန်းတန်၊ ခင်သန်းနု၊ ခင်မောင်၊ မေသစ်တို့နှင့် စီစဉ်ကာ၃၀-၃-၇၃ တွင် ရှေ့ဆောင်၊ ဆုထူးပန်၊ တပင်ရွှေထီး၊ ရွှေဗဟိုရုံတို့မှာ ပြသခဲ့သည်။
လျှပ်စစ် ရုပ်ရှင်အတွက် ဒါရိုက်တာ အေ၀မ်း ဦးတင်မောင်က ၀င်းလှိုင်၊ နွဲ့နွဲ့မူ၊ မေသစ်၊ ခင်ခင်ရီ၊ ခင်မောင်၊မန်းလှဖေတို့နှင့် (ရွက်စိမ်း)ကို ဖန်တီးပြီး ၂၁-၃-၇၅တွင် ရှေ့ဆောင်၊ တပင်ရွှေထီး၊ ရွှေဗဟိုရုံတို့မှာ ပြသည်။ မဟာဗောဓိ ရုပ်ရှင်မှ ဒါရိုက်တာ မောင်မိုးမြင့်က ရွှေဘ၊ တင်ညွန့်၊သက်ရှည်၊ နွဲ့နွဲ့ မူ၊ မမိုးဝါ၊ ပပလင်းတို့နှင့် အတူ တွဲဘက် ဇာတ်ပို့ မင်းသားကြီး အဖြစ် ပါဝင် သွားခဲ့ပေသည်။ ယင်း ဇာတ်ကားသည်၂၅-၅-၇၉ တွင် ရှေ့ဆောင်၊ စံပြ၊ ရွှေမန်း၊ရွှေဗဟိုမှာ ပြခဲ့သော (သွေးမှာသတ္တိ ရှိသောကြောင့်) ဖြစ်သည်။
မင်းသား ခင်မောင်(ဦး)ကို အမျိုးသား ရုပ်ရှင် လုပ်ငန်းမှ လက်ဟောင်းနှင့် လက်သစ် ရုပ်ရှင် ကုမ္ပဏီကြီးငယ်များနှင့် ဒါရိုက်တာများက သူ၏ ရိုးသား အနေအေးပြီး လုပ်ဖော်ကိုင်ဘက်တို့ အပေါ် မာန်မာနထားခြင်း၊ ဘ၀င်ကိုင်ခြင်း မရှိသလို အပျော် အပါးလိုက်စားမှု ကင်း၍ သူ့ကို စံပြမင်းသားဟု အသိအမှတ် ပြုခဲ့ကြသလို စူပါ စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခက “အကျင့် စာရိတ္တ အကောင်းဆုံးသူကို ရွေးချယ်ပြီး ဆုပေးရရင် ကိုခင်မောင်က လွဲလို့ ဘယ်သူမှ ရမှာ မဟုတ်ဘူး” လို့ ပြောဆိုသလို စူပါ ဒရိုက်တာကြီး အေ၀မ်း ဦးတင်မောင်က “ရုပ်ရှင်နယ်မှာ အကျင့် စာရိတ္တ အဖက်ဖက်က မချို့ယွင်းဘဲ မှတ်တင် ခံနိုင်အောင် စာရိတ္တ မဏ္ဍိုင် ခိုင်လုံသူဟာ ကိုခင်မောင် တစ်ယောက်ထဲပဲ ရှိတယ်” ဟု လူအများကြားတွင် ပြောဆိုလေ့ ရှိသည်ကို မှတ်သားမိ၏။ မင်းသားကြီး ခင်မောင်(ဦး)၏ လက်သုံး ဆောင်ပုဒ်မှာလည်း “လူသာ အသေခံမယ်၊ နာမည် အသေမခံဘူး” ဟူသည့် စကားနှင့် အညီ နေထိုင်ခဲ့သော အနုပညာ ကြယ်ပွင့်ကြီး တစ်ပွင့် ဖြစ်သည်။

No Response to "သုံးပန်လှ(သို့မဟုတ်)ဖာတစ်လုံးခင်မောင် 2"
Send en kommentar