ရှစ်လေးလုံး လူထု လှုပ်ရှားမှုကြီးသည် မြန်မာ့ ခေတ်သစ်နိုင်ငံရေး သမိုင်းအတွက် အလွန်အရေးပါသော အချိုးအကွေ့ တခုကို ဖြစ်ပေါ်စေခဲ့သည်ဟု ဆိုရပေလိမ့်မည်။
၁၃၀၀ ပြည့် အရေးတော်ပုံကြီးကဲ့သို့ပင် ရှစ်လေးလုံး လူထုလှုပ်ရှားမှု ကြီးသည်လည်း ၁၃၅၀ ပြည့်နှစ် အရေးတော်ပုံဟူ၍ နာမည်ကြီးခဲ့သည်။ ရှစ်လေးလုံးက ပို၍ပင် အရေးပါသည်ဟု ဆိုနိုင်ပါသည်။ ၂၆ နှစ်အကြာ မြန်မာနိုင်ငံကို နိုင်ငံတကာနှင့် ဝေးရာ အမှောင်တွင်းသို့ ပို့ထားခဲ့ရာမှ ကမ္ဘာ့ နိုင်ငံရေး ရေစီးကြောင်းအတွင်း ပြန်လည် စီးဝင်နိုင်စေခဲ့သည့် နိုင်ငံအဝန်း ရဟန်းရှင်လူအပေါင်း ပါဝင် လှုပ်ရှားသော အရေးအခင်းကြီး တရပ် ဖြစ်သောကြောင့်ပင်။
ရှစ်လေးလုံး အရေးတော်ပုံသည် မြန်မာ့နိုင်ငံရေး တခုတည်းအတွက်သာ မဟုတ်ဘဲ ကမ္ဘာ့ နိုင်ငံအသီးသီး ပြောင်းလဲမှု များထဲတွင် ရှေ့တန်းကျသည့် လှုပ်ရှားမှုကြီး တခုလည်းဖြစ်သည်။ အာဏာရှင်အုပ်ချုပ်ရေးကို ဆန့်ကျင်သည့် ကမ္ဘာလုံးဆိုင်ရာ လူထု လှုပ်ရှားမှုကြီးများတွင် ဘာလင်တံတိုင်းကြီး မပြိုကျမီ ဖိလစ်ပိုင်နိုင်ငံ ပြီးနောက် ဒုတိယလိုက်ခဲ့သည် အထိ ရှေ့တန်း ရောက်ခဲ့သည်။
နိုင်ငံနှင့်လူမျိုးအပေါ်ထားရှိသည့် စစ်မှန်သော စေတနာကြောင့် ယနေ့ ၂၃ နှစ်ကြာသည့်တိုင်အောင် တခြားသော လှုပ်ရှားမှုများနှင့်မတူဘဲ ရှစ်လေးလုံးလူထု လှုပ်ရှားမှုကြီးထဲမှ ပေါ်ထွက်ခဲ့သည့် ခေါင်းဆောင်များ၊ အဖွဲ့အစည်းများမှာ အများ၏ ယုံကြည်မှုကို ရနေဆဲဟု ဆိုရပေလိမ့်မည်။
ရှစ်လေးလုံးလှုပ်ရှားမှုကြီး မတိုင်ခင်က ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဖဆပလ ဦးနုနှင့်အဖွဲ့ စသည့် တော်လှန်ရေး လှုပ်ရှားမှုများ ရှိခဲ့သော်လည်း ပါတီအကျိုး၊ အဖွဲ့အစည်းအကျိုး၊ ပုဂ္ဂလိက အကျိုးများကို ဦးတည်ခဲ့မှုများကြောင့် လူအများ၏ ထောက်ခံ ပါဝင်မှု မရရှိဘဲ မှုန်ဝါးခဲ့ရသည်ချည်း ဖြစ်သည်။
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်အဖြစ် လူထု၏ ယုံကြည်ကိုးစားမှုကို ရနေဆဲ ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာအစိုးရ၏ အကျဉ်းထောင် များထဲတွင် နှစ်ရှည် ဒုက္ခများ ခံစားရေသည့် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုဌေးကြွယ် စသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ နယ်စပ်တွင် နေထိုင်၍ မြန်မာပြည် လူ့အခွင့်အရေးအတွက် ကူညီဆောင်ရွက်နေကြသော ဒေါက်တာ စင်သီယာမောင်၊ ကိုဘိုကြည်၊ မခင်ဥမ္မာ၊ ကိုအောင်မျိုးမင်း စသည့် ခေါင်းဆောင်များ၊ ဧရာဝတီ၊ ဒီမိုကရက်တစ် မြန်မာ့အသံ စသည့် မီဒီယာ အဖွဲ့များ စသည်တို့၏ ယုံကြည်ချက်၊ စေတနာစိတ်တို့ကြောင့် ဒီမိုကရေစီအရေး မျှော်မှန်းချက် သည် အရောင်မမှိန်ခဲ့ပေ။
ရှစ်လေးလုံးက အစပြုခဲ့သော တိုင်းပြည်နှင့် လူထုအား တိုးတက်စေချင်သည့် စေတနာစိတ်နှင့် ယုံကြည်ချက်က ထို ခေါင်းဆောင်များ၏ စိတ်တွင်း၌ ၂၃ နှစ်တိုင်တိုင် ခိုတွယ်နေဆဲ ဖြစ်သောကြောင့် ထောင်တွင်း၌ အကျဉ်းကျ ခံကာ ပင်ပမ်းဆင်းရဲကြီးစွာ ဒုက္ခခံ နေကြခြင်းဖြစ်သည်၊ မိသားစုများနှင့် ခွဲခွာ၍ နေနေ ကြခြင်းဖြစ်သည်။
ထို့အပြင် မြန်မာပြည်တွင် နှစ်ရှည်လများ ဖြစ်ပေါ်ခဲ့သည့် တိုင်းရင်းသားများအရေးနှင့် မြန်မာ့ ဒီမိုကရေစီ အရေးတို့သည် ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီး ပြီးနောက် တပေါင်း တစည်းတည်း ဖြစ်သွားခဲ့သည်။
ခေါင်းမာသော စစ်ဗိုလ်ချုပ်များက သူတို့၏ စစ်ဝတ်စုံများကို ချွတ်ကာ စစ်အုပ်ချုပ်ရေးကာလ ပြီးဆုံးပြီဟု ပြသသည်၊ လက်ရှိ အုပ်ချုပ်နေသော အစိုးရသစ်က ဒီမိုကရေစီစနစ်သို့ ကူးပြောင်းပြီဟုလည်း ပြောနေလေပြီ။ အစိုးရသစ်နှင့် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ စကားပြောပြီးချိန်တွင် ၎င်းတို့ဘက်က တိုင်းပြည်ပြောင်းလဲလိုသည့် ဆန္ဒ ရှိနေသည်ဟု ဆိုပါက အမှောင်ခေတ်မှသည် ပွင့်လင်းလွတ်လပ်သည့် ဒီမိုကရေစီခေတ်သစ်သို့ ကူးပြောင်းရန် အချိန်ကျ နေပြီဟု တိုက်တွန်းလိုသည်။
ထိုသို့ ပွင့်လင်းလွတ်လပ်သည့် ဒီမိုကရေစီခေတ်သစ်သို့ ကူးပြောင်းမည်ဆိုလျှင် တဘက်နှင့်တဘက် မယုံကြည်မှု၊ သင်္ကာ မကင်းဖြစ်မှုများ တဖြည်းဖြည်း လျှော့ချရပေလိမ့်မည်။ တဘက်နှင့်တဘက် တင်းမာမှုများ၊ အာဃာတများကို ဖယ်ဖျက် ပစ်ရလိမ့်မည်။
နယ်စပ်တွင် ဖြစ်ပေါ်နေသည့် တိုင်းရင်းသားများ အရေးကိစ္စကို သဘောထားကြီးစွာ ဖြေရှင်းသည်နှင့် တပြိုင်နက်တည်း မြန်မာပြည် အကျဉ်းထောင်များ အသီးသီးတွင် အကျဉ်းကျ ခံနေရသော တိုင်းရင်းသား ခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် ခံယူချက်ကြောင့် အကျဉ်းကျ ခံနေရသည့် တခြားသော နိုင်ငံရေး လှုပ်ရှားသူများ၊ ၁၉၈၈ ခုနှစ် လူထုလှုပ်ရှားမှုကြီးမှ သန္ဓေတည် ပေါက်ဖွားခဲ့ရသော ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင် ပေါ်ထွက်လာသည့် ကျောင်းသား၊ နိုင်ငံရေး ခေါင်းဆောင်များနှင့် ဦးဂမ္ဘီယ အစရှိသော သာသနာ့ အာဇာနည်ရဟန်းများ ကိုလည်း လွှတ်ပေးရလိမ့်မည်။
ထိုသို့ဆိုလျှင် ၂၃ နှစ်တိုင်တိုင် ပေးဆပ် ခဲ့ရသော ကြီးမားသည့် အရင်းအနှီးများ၊ ခါးသီးလှသည့် ခံစားချက်များအတွက် ဖြေသိမ့်မှု ခြေလှမ်း စတင်နိုင်ပေလိမ့်မည်။
ရှစ်လေးလုံးက စတင်ခဲ့သော မပြေလည်မှုကြီးကို ရှစ်လေးလုံးတွင် ဦးဆောင်ဦးရွက်ပြုခဲ့သည့် လူထု ခေါင်းဆောင်များဖြင့်သာ အဆုံးသတ်နိုင် ပါမည်။
တဖက်သတ် ဖမ်းဆီးအကျဉ်းချမှု၊ တရားဥပဒေမဲ့ ဖိနှိပ်မှုတို့ဖြင့် နိုင်ငံနှင့်လူမျိုးအကျိုး ရည်မျှော်သည့် စိတ်ကောင်း စိတ်မြတ်တို့ကို ချိုးနှိမ်၍ မရသည်မှာ ယခု ၂၃ နှစ်ကြာ အံတုရင်ဆိုင်နိုင်စွမ်းက သက်သေပြခဲ့ပြီ မဟုတ်လော။ပို့ပေးသူအားကျေးဇူးတင်ပါသည်။

No Response to "ချိုးနှိမ်၍မရသည့် ရှစ်လေးလုံး စိတ်ဓာတ်"
Send en kommentar