တစ်လထက် တစ်လမရိုးရအောင်...

0
zaw gyi one
 ဇန္နဝါရီလ(၄)ရက်နေ့ လွတ်လပ်ရေးနေ့ ညစာစားပွဲမှာ စစ်ဝတ်စုံနဲ့ တွေ့မြင်ရစဉ်
 ဖေဖော်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့ ညစာစားပွဲမှာတော့ ချိတ်ထမီနဲ့
လာမယ့် မတ်လ(၂၇)ရက်နေ့ သူတို့ အခေါ်တပ်မတော်နေ့ ပွဲလမ်းသဘင်မှာတော့.... တစ်လထက် တစ်လ မရိုးရအောင်ပါ.. နောက်ဆုံးပေါ် အဆင်လေးပေါ့..
ဓာတ်ပုံများ AP နှင် DMWY&ALS

ချိတ်ထမီဝတ် ဗိုလ်ချုပ်ကြီးများသို့...

0
zaw gyi one

 ဖြူဖြူပြာပြာ နီနီဝါဝါ ဝေဆာမြူးလို့နေ.. DMWY

လွန်ခဲ့တဲ့ ၅နှစ် ၆နှစ်လောက်က ထင်ပါတယ်...။ တစ်နေ့ ဂျပန်တီဗီ ချယ်နယ် တစ်ခုကြည့်နေရင်းက မထင်မှတ်ပဲနဲ့ ဂျပန်လို OKAMA NO TENKOKU မြန်မာလို မိန်းမလျာတို့ရဲ့ နတ်ပြည် ဆိုတဲ့ အမေးအဖြေ အစီအစဉ်လေး တစ်ခုကို ကြည့်မိလိုက်ပါတယ်...။ အာရှနိုင်ငံအသီးသီးမှာ နေထိုင်ကြတဲ့ မိန်းမလျာတွေရဲ့ ဘဝတွေကို စုံလင်အောင် သွားရောက် ရိုက်ကူးတင်ဆက်ထားတာပါ..။ အဲ့လိုကြည့်နေရင်းက မထင်မှတ်ပဲ မြန်မာဆိုတာ ပေါ်လာပြီး ဂျပန်သတင်းထောက်က မြန်မာပြည်က မိန်းမလျာတွေ အကြောင်းသွားရောက် ရိုက်ကူး ထားတာကို ဆက်လက်ပြသပါတယ်...။

အစပိုင်းမှာတော့ ဟိုတယ်တစ်ခုရဲ့ Reception Counter က မာန်နေဂျာနဲ့ စကားပြောပါတယ်..။ အသံကောရုပ်ကော လုံးဝမိန်းမပါပဲ..။ အဆိုပါအစီအစဉ်မှာ ဝင်ရောက် ဖြေဆိုသူတွေကော ကြည့်နေတဲ့ ကျွန်တော်အပါအဝင် အကုန်မှားပါတယ်..။ တကယ်တော့ အဆိုပါ မာန်နေဂျာ အမျိုးသမီးက မိန်းမလျာ တစ်ယောက် ဖြစ်နေတာပါပဲ။ နောက်ဆက်လက်ပြီးတော့ မြန်မာပြည်ရဲ့ မိန်းမလျာ မော်ဒယ်တစ်ယောက်ကို တွေ့ဆုံရိုက်ကူးပါတယ်...။ နောက်ရန်ကင်းဘက်ကိုသွား မိန်းမလျာ တစ်ယောက်အိမ်ကို ရိုက်ကူးပြီး အဆိုပါ မိန်းမလျာ အုပ်စုနဲ့ တောင်ပြုန်းပွဲတော်ကို ရန်ကုန်ကနေ ကားနဲ့ အဆိုပါ ဂျပန်သတင်းထောက်ကို ခေါ်ဆောင်သွားတာ ဆက်လက်ရိုက်ကူးပြသပါတယ်..။ 

ဂျပန်ပရိသတ်ကတော့ တဝါးဝါးနဲ့ပေါ့..။ ထုံးစံအတိုင်း ကြိတ်ကြိတ်တိုးနေတဲ့ တောင်ပြုန်းပွဲထဲမှာတော့ နတ်ကတော်တွေရော အနယ်နယ် အရပ်ရပ်က မိန်မလျာတွေ အစုံအလင်ပေါ့ဗျာ.. တွေ့တဲ့သူတွေနဲ့ အဆိုပါ ဂျပန်သတင်းထောက်က အင်တာဗျူး သူလည်းအကိတ် ငါလည်း အကိတ်ဆိုပြီး ပျော်ကြမြူးကြ နတ်ကနားပွဲရောက်တော့လည်း သိတဲ့ အတိုင်း နတ်ကတော်တွေကလည်း မာမီတွေပဲလေ..။ နတ်ကတော် အကြောင်းရှင်းပြတော့ မြန်မာ(၃၇)မင်းနတ်တွေရဲ့ ကတော်တွေက မိန်းမလျာတွေဆိုတော့ ဂျပန်သတင်းထောက်လည်း ပါးစပ်အဟောင်းသား.. ။ သြော်မြန်မာပြည်က (၃၇)မင်း နတ်တွေ ဘဝလေ...။

နောက်ဆုံး အဆိုပါ ဂျပန်သတင်းထောက် ပြန်ခါနီးမှာ တံတားဦး အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို မိန်းမလျာ အဖွဲ့ ပြန်လိုက်ပို့တဲ့ အခန်းက အလွမ်းဇာတ်ခန်းပေါ့..။ မျက်ရည်တစမ်းစမ်းနဲ့ သတင်းထောက်ကို နှုတ်ခမ်းနီဆိုးပေးပြီး နောက်တစ်ခေါက် ပြန်လာဖို့ ပြောရင်း ဇာတ်သိမ်းလိုက်ပါတယ်..။ အဲ့ဒီမှာတင် အဆိုပါ တီဗီရိုက်ကွင်း ထုတ်လွှင့်ချက်ကို လာကြည့်တဲ့ ဂျပန်တွေ အံ့သြကုန်ကြပါလေရော.. နိုင်ငံအသီးသီးကို ရိုက်ကူးတင်ပြသွားရင်းက မြန်မာပြည်မှာ မိန်းမလျာတွေ တခြားနိုင်ငံတွေနဲ့ မတူ ပတ်ဝန်းကျင်မှာ လွတ်လွတ်လပ်လပ် နေထိုင်ခွင့်ရတာကိုပါပဲ..။ အဆုံးမှာတော့ နိုင်ငံတကာမှာ ရိုက်ကူးထားတဲ့ မိန်းမလျာတွေရဲ့ ဘဝရိုက်ကွင်းတွေကို ပြန်ပြရင်း မဲခွဲဆုံးဖြတ်ပါတယ်..။ ကျွန်တော်တို့ မြန်မာပြည်က မိန်းမလျာတွေ လွတ်လပ်ပါတယ် ဆိုတဲ့ ထိုင်းနိုင်ငံကို ကျော်တက်ပြီး မြန်မာပြည်ကို သွားရောက် ရိုက်ကူးခဲ့တဲ့ သတင်းထောက် ဆုရရှိခဲ့ပါတယ်.။  OKAMA NO TENKOKU (မိန်းမလျာတို့ရဲ့ နတ်ပြည်) ဘွဲ့ကိုတော့ ပရိသတ်တွေ အားလုံးရဲ့ဆန္ဒအရ မဲအများဆုံးနဲ့ မြန်မာပြည်က ရရှိသွားပါတယ်..။ ကြည့်နေတဲ့ ကျွန်တော်နဲ့ သူငယ်ချင်း နှစ်ယောက်ကတော့ ဝမ်းသာရမလိုလို ဂုဏ်ယူရမလို အီလည်လည်နဲ့ပေါ့ဗျာ။ အဆိုပါ ရုပ်သံကို ကြည့်မိကြတဲ့ ဂျပန်က  မြန်မာပရိသတ်တွေလည်း ရှိကြမှာပါ..။


color blind
ပြီးခဲ့တဲ့ ၂၀၁၀ခုနှစ် ဇွန်လ ၂၁ ရက်နေ့က လာအို ဝန်ကြီးချုပ် မစ္စတာ ဘိုဝါဆွန်ဘုဖာဝမ်း လာရောက်စဉ်က စပြီး ချိတ်ထမီ စတင် ဝတ်ဆင်လာတာပါ...

လွန်ခဲ့တဲ့ ၆နှစ်ခန့်က ဆိုပေမယ့် ဂျပန်လူမျိုးတွေ သတင်းထောက်တွေ မြန်မာပြည်ရဲ့ ယခုလတ်တစ်လော အခြေအနေတွေကို ကြိုမြင် ကြိုသိနေလို့ OKAMA NO TENKOKU (မိန်းမလျာတို့ရဲ့ နတ်ပြည်) ဘွဲ့ကို ကြိုပေးတာများလားဆိုတာ.. စဉ်းစားစရာ ဖြစ်လာပါတယ်...။ ပြီးခဲတဲ့နှစ် ၆လပိုင်းက စပြီး မြန်မာဝန်ကြီးချုပ်နဲ့ ဗိုလ်ချုပ်တွေ ချိတ်ထမီကို ဆင်မြန်း ဝတ်ဆင်လာကြတာ အများသိကြတဲ့ အတိုင်းပါပဲ.. ဒီရက်ပိုင်းအတွင်း ပြည်ထောင်စုနေ့ အခမ်းအနားမှာတော့ တပ်ချုပ်ကြီးနဲ့ ဝန်ကြီးအဖွဲ့ဝင်တွေ လွှတ်တော် ကိုယ်စားလှယ်တော်ကြီးတွေ ပြိုးပြိုးပျက်ပျက် ဖြူဖြူပြာပြာ နီနီဝါဝါတွေနဲ့ ယိမ်းအဖွဲ့များ သဖွယ် ထွက်ပေါ်လာကြပါတယ်..။

ဒါပေမယ့် ကွာခြားချက်တွေ ကြည့်ရအောင်ဗျာ.. မြန်မာပြည်ရဲ့ မိတ်ကပ်လောကကို နှစ်ပေါင်းများစွာ အုပ်စိုးလာတာ မြန်မာပြည်ရဲ့ အလှဖန်တီးရှင် မိန်းမလျာတွေပါပဲ..။ မိန်းမတစ်ယောက်ရဲ့စိတ်နဲ့ ယောင်္ကျားတစ်ယောက်ရဲ့ စိတ်နှစ်ခု  အမြင်နှစ်မျိုးရှိပြီး ဖိုမစိတ်နှစ်ခုလုံးကို သိနေတဲ့ အတွက် အောင်မြင်တာပါ..။ ထို့အတူ မြန်မာပြည်ရဲ့ မိန်းမလျာ ချိတ်ထမီဝတ် ဗိုလ်ချုပ်ကြီးများဟာလည်း ကုလသမဂ္ဂရဲ့ ယောင်္ကျားလို ပြတ်ပြတ်သားသား မရှိတဲ့ စိတ်ကိုသိနေပြီး စကားအမျိုးမျိုး မိန်းမလို မိန်းမရပြောတတ်တဲ့ အာစီယံရဲ့ အကြောင်းကို သိနေ နောကြေနေတဲ့ အတွက် ယခုအချိန်အထိ မိန်းမလျာတို့ရဲ့ နတ်ပြည် အဖြစ်ဆက်လက် အုပ်စိုးနေနိုင်တာပါပဲ..။

တပ်ချုပ်ကြီးမှ ချိတ်ထမီဝတ် နတ်ချုပ်ကြီးအဖြစ်

မြန်မာပြည်ရဲ့ မိန်းမလျာတွေကတော့ မိတ်ကပ် အတတ်ပညာ၊ နတ်ကတော် စတဲ့ အသက်မွေးဝမ်းကြောင်း ပညာရပ်တွေနဲ့ ကောင်းရောင်း ကောင်းဝယ် လုပ်စားတဲ့သူ အများစု ဖြစ်ကြပေမယ့် ချိတ်ထမီဝတ် အဖွဲ့ကတော့ အာဏာနဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကို ပိုင်စိုးပိုင်းနင်း အနှစ်(၂၀)ကျော် မတရား အဓမ္မ ရယူနေကြတာပါ..။ အားနွဲ့တဲ့ ကမ္ဘာကျော် မြန်မာအမျိုးသမီး တစ်ယောက်ကိုလည်း နှစ်ပေါင်းများစွာ ဖမ်းဆီးချုပ်နှောင် တတ်တာလည်း ချိတ်ထမီဝတ် မိန်းမလျာ အဖွဲ့ပါပဲ..။ကျွန်တော်တို့ ရှစ်လေးလုံး အရေးအခင်းကြီး အတွင်းကလို မြန်မာနိုင်ငံလုံးဆိုင်ရာ အလှဖန်တီးရှင်များအသင်း ရှိခဲ့မယ် ဆိုရင်တော့ ယခုလို အလှပညာလည်း မတတ်၊ နတ်ကတော်လည်းမဟုတ်၊ ရှောက်သီးဆေးပြားလည်း မရောင်းတတ်ပဲ...   ချိတ်ထမီဝတ်နေတဲ့ ဗိုလ်ချုပ်တွေကို ပြတ်ပြတ်သားသား ကန့်ကွက် ဆန့်ကျင်သင့်ပါတယ်..။  နို့မဟုတ်ရင် ဒီထက်ပိုဆိုးပြီး ချိတ်ထမီကနေ အတင့်ရဲပြီး စကပ်တို့ ဂါဝန်တို့ မဝတ်ဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး..။ အစမှာ စမ်းဝတ်ကြည့်ရင်း  နောက်ပိုင်း ကန့်ကွက်မယ့်သူ မရှိလို့ ဆက်လက် ကျူးလွန်လာရင် မြန်မာပြည်ရဲ့ အလှဖန်တီးရှင်များအနေနဲ့ သိက္ခာကျပါတယ်...။ ထို့အတွက်ကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အလှဖန်တီးရှင်များအသင်းမှ မြန်မာပြည်မှ ဗိုလ်ချုပ်ကြီးများ ချိတ်ထမီဝတ်ဆင်မှုကို ကန့်ကွက်သင့်ပါကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်
..

ရိုးရိုးကြီး ဇေယျဟူသော အမည်ဖြင့် မီဂါစတား ဇာတ်ဆောင် ဖြစ်ခဲ့သူ 3

0
ကိုဇေယျ ရုပ်ရည်၊ သရုပ်ဆောင်မှုနှင့် ကိုက်ညီလှသော အကွက်ကောင်း သရုပ် ဆောင်မှုများ ပါ၍ ကိုဇေယျ သရုပ်ဆောင်ပုံများ မိမိရရ ရှိခဲ့သည်။ သူ၏ တည်ကြည်စွာ သရုပ်ဆောင် တတ်သော၊ သရုပ်ဆောင်မှု ပေါ်လွင် စေခဲ့သော သစ်တော အရာရှိ ဇာတ်ကောင်ရုပ်ကို ပုံဖော်သွားသည်။ ဖခင် က ချောချောလှလှ ခေတ်ဆန်ဆန် မိမိထက် အသက် ငယ်ရွယ်သူ အလှမယ် လေးမြင့် (မြင့်မြင့်ဌေး) ကို ယူထားခဲ့ ပြီးချိန်၌ မိဘဟူသော ပညတ်ဖြင့် ဘာမျှ ပြန်မပြောဘဲ မိဘ၏ စိတ်ဒုက္ခ ရောက်ပုံကို မပြုလုပ်ရသော မြန်မာ့ဓလေ့ ထုံးတမ်းအရ အမှား ပြုမူနေသည်ကိုပင် ဖခင် စိတ်မချမ်းသာမည် စိုး၍ စောဒက မတက်ဘဲ မိမိသာလျှင် စိတ်ဆင်းရဲစွာ ကျိတ်မှိတ်ပြီး နေခဲ့ပုံ၊ သူတစ်ပါးအား ညှာတာ တတ်ပုံတို့က အစ သရုပ်ဆောင်မှု ဟူသမျှ အသက် ၀င်လှသည်။ သူ၏ ရင့်ကျက် တည်ငြိမ် သော သရုပ်ဆောင်မှုဖြင့် သူ့ရုပ်ရည်နှင့် သူပါဝင် ရသော အခန်းများမှာ အထူး ကိုက်ညီလှသည် ဟူ၍ ဖြစ်၏။

(လှလေခက်လေ) သည် ၃-၈-၅၅တွင် သွင်ရုံ၌ ပြသွားရာ စူပါ့စူပါ ၀င်ငွေ ၂၇၀၁၂၀ ကျပ် ရခဲ့၏။ မောင်မောင်စိုး ရုပ်ရှင်မှ ဒါရိုက်တာ ဦးမောင်မောင်စိုး၊ ဦးချင်းစိန်၊ ဦးမောင်မောင်၊ ဦးသာဂေါင်တို့က ဇေယျ၊ မေရှင်၊ဘသစ်၊ ဦးသာဂေါင်တို့ (မေ့တွက်တာ)၂၈-၁၀-၅၅ တွင် ရွှေဂုန်နှင့် မြို့မရုံတို့မှာ ပြရာ စူပါ့စူပါ ၀င်ငွေ ၂၅၈၉၈၃ ကျပ် ရသည်။ ရွှေဝယ်သီရိ ရုပ်ရှင်မှ ဒါရိုက်တာ ဦးမြမောင်က (ဖိုးပြုံးချို) အား ဇေယျ၊ ဖိုးပါကြီး၊ တင်တင်မူ၊ ၀င်းမာ၊ ဦးဘချစ်၊ ဒေါ်ဂျမ်းစိန်၊ ဒေါ်မြလေးတို့နှင့် ရိုက်ကူးကာ ၂-၁၂-၅၅ တွင် ဆုထူးပန်နှင့် သွင်ရုံမှာ ပြရာ စူပါ့ စူပါဝင်ငွေ ၂၆၂၂၈၄ ကျပ် ရရှိခဲ့ပေသည်။

၁၉၅၆ သည် ရိုးရိုးကြီး ဇေယျ၏ အနုပညာ စန်းအား အကောင်းဆုံး ဖြစ်ရာ သူပါဝင်ခဲ့သော ဇာတ်ကားများ အဆက်မပြတ် ရုံတင် ပြသခဲ့ရာ ပရိသတ်၏ အားပေးမှု အရဆုံးနှစ် ဆိုရပေမည်။ ယင်းနှစ်မှာပင် သူသည် (ဘ၀သံသရာ) ဇာတ်ကားမှ ဒေါက်တာထင်ပေါ် အဖြစ် သရုပ် ဆောင်ခဲ့သော ဇာတ်ကောင်ရုပ် အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် အကယ်ဒမီ ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့ပေသည်။ လန်ဒန် အတ်ဖလင်မှ ဒါရိုက်တာ ဦးချင်းစိန်က ဇေယျ၊ မေရီမြင့်၊ ဖိုးပါကြီး၊ ကြယ်နီ၊ ဖိုးပါလေး၊ မစိန်ခင်၊ မြင့်ဖေ၊ ပါနောက်တို့နှင့် လူတိုင်းသိပြီး ဖြစ်သော မြန်မာ့ ဂန္တ၀င် ဇာတ်လမ်းတစ်ပုဒ် ဖြစ်သော (ဥမ္မာဒန္တီ) ကို ရိုက်ကူးပြီး ၂၂-၁-၅၆ တွင် ရွှေဂုန်နှင့် မြို့မရုံတို့မှာ တင်ဆက်ရာ ပရိသတ် အကြိုက် တွေ့ခဲ့၏။ ယင်းဇာတ်ကားနှင့် ပတ်သက်၍ ထိုစဉ်က သတင်းစာ ဆရာနှင့် ရုပ်ရှင် ဝေဖန် သူတို့က အောက်ပါအတိုင်း ပြောဆိုခဲ့ကြသည်။

မဟာဝင်ကို မူတည်၍ ရုပ်ရှင်ကို ရိုက်ကူးထားသည့် အတိုင်း တန်ဖိုးရှိလှသော ဇာတ်ကားဖြစ်ကြောင်း၊ မိန်းမအတွက် အရူးအမူး ဖြစ်နေသော ဘုရင် အား ကူညီ ကယ်တင်လိုသော ညီတော် စစ်သူကြီးက မိမိ၏ ဇနီးကလေးကို ဆက်သပုံနှင့် ဘုရင်ကလည်း ညီတော်၏ ဇနီးကို လက်ခံရန် မသင့်လျော်၍ ငြင်းယ် လိုက်ပုံမှာ ယောက်ျားရော၊ မိန်းမများ အဖို့ပါ ကောင်းသော သင်ခန်းစာ ရရှိ စေနိုင်သည်ဟု ထင်မြင် ယူဆကြောင်း ဥမ္မတကော ဘုရင် အဖြစ်ဖြင့် လူရွှင်တော် ဖိုးပါကြီးက သယ်ယူသွားပုံ၊ မိန်းမချော တစ်ယောက် အနေနှင့် မေရီမြင့်က တင်ဆက်သွားပုံ၊ သမာဓိ တည်ကြည်သော စစ်သူကြီး အဖြစ်နှင့် ဇေယျက သရုပ်ဆောင် သွားပုံတို့ကို ဇာတ်ကား အစမှ အဆုံးတိုင်အောင် စိတ်ဝင်စားဖွယ်ရာ တွေ့မြင်ရပေလိမ့်မည် ဖြစ်ကြောင်း။

မြန်မာ့အလင်း သတင်းစာ။
. . . ဥမ္မာဒန္တီသည် အိမ်ဦးနတ် သဖွယ် ဖြစ်သော ခင်ပွန်းသည်၏ မှာကြား ဆုံးမချက်ကို မနာယူဘဲ လှဂုဏ်မောက်သည့် မာန်ဖြင့် သိဝိရာဇ် ဘုရင်ကို ထင်ရှားစွာ အလှ ပြခြင်းကြောင့် ဒုက္ခ ရောက်ပုံအပိုင်း၊ သိဝိရာဇ် ဘုရင်မှာ ရာဇဣနြေ္ဒမျှ မဆည်နိုင်ဘဲ တဏှာ ဥပါဒါန်ဖြင့် စွဲငြိ ရူးသွပ်သွားပုံ အပိုင်း၊ အဘိပါရက စစ်သူကြီး၏ သူကောင်း သဘောထား ရှိပုံ၊ ဇာတ်လမ်း အချိတ်အဆက် မိ၍ သဘာဝကျ မြိုင်ဆိုင် ကောင်းမွန်လှ၏။

ဟံသာဝတီ သတင်းစာ။
. . . အချောအလှ မေရီမြင့်က မယ်ဥမ္မာ၏ နေရာတွင် နေသည်မှာ သင့်လှပေသည်။ အရူးအမူး သိဝိဘုရင် အဖြစ် ဖိုးပါ
ကြီးအား ရွေးချယ်ခဲ့သည်မှာလည်း လျော်ကန်လှသည်။

ဆက်လက်ဖော်ပြပါမည်။

ဂျေကြိုင်

သုံးပန်လှ(သို့မဟုတ်)ဖာတစ်လုံးခင်မောင် 2

0
ကိုဘချစ်ကလည်း တပည့်ခင်မောင်နှင့် တွဲရိုက်ထားသော ဓာတ်ပုံကို ပို့လိုက်ရာ စိုးစိုးသည် ဓာတ်ပုံ ရရှိသော အခါ ကိုဘချစ်ကို မထင်ဘဲ ခင်မောင် သာလျှင် သူ့ရည်းစားဟု ထင်မှား နေလေသည်။ မကြာမီ ဒေါ်မြလေး တိုက်တွန်းမှုကြောင့် စိုးစိုးနှင့် ဒေါ်မြလေးတို့သည် ကိုဘချစ် ရှိရာ ပေါင်းတည်သို့ လိုက်လာရာ လမ်းတွင် ခွဲထွက်လာသဖြင့် စိုးစိုးက အရင်ရောက်နှင့် လာပြီး ကိုဘချစ်ကို အခိုင်း သမားထင်ပြီး ခင်မောင်ကို ရည်းစား အထင်သွင်ဖြင့် ဆက်ဆံနေရာ တစ်ညဗုံးများ အချတွင် ခင်မောင်နှင့် စိုးစိုး လွန်လွန်ကြူးကြူး ဖြစ်သွားကြသည်။ အဖြစ်အပျက် အလုံးစုံကို အောင်သွယ် ဒေါ်မြလေး ရောက်လာမှ သုံးဦးသား ရှင်းရာမှာ ခင်မောင်က ဆရာ့ ရည်းစားမှန်း သိရှိခဲ့သည်။

သို့ရာတွင်က ခင်မောင် အပေါ် မေတ္တာ မဖြတ်နိုင်သည်က တစ်ကြောင်း၊ ဂျပန်များကို တော်လှန်မည့် အမျိုးသား ရေးလုပ်ငန်းတွင် ခင်မောင်နှင့် အတူ တက်ကြွ စွာပါဝင် လုပ်ဆောင်လိုစိတ် ပြင်းပြသည်ကတစ် ကြောင်း၊ ခင်မောင်နှင့် လိုက်သွားသည်။ ဂျပန် တော်လှန်ရေးတွင် ပေးအပ်သည့် တာဝန်များကို တော်လှန် ရေးသမားများနှင့် တိုက်ပွဲဝင်စဉ် စိုးစိုးမှာ ကျဆုံးသွားသည်။

လွမ်းခွေရစ်သီ ဇာတ်ကားကို ထိုစဉ်က ပရိသတ်ကြီး စိတ်ဝင်စားရန် သတင်း စကားပေး သွားပုံမှာ ရှေးဖြစ်ဟောင်း အောက်မေ့စရာ ဂျပန် ခေတ်မြန်မာ တွေရဲ့ အဖြစ်သနစ်ကို တနုံ့နုံ့စမြုံ့ ပြန်ရှုစားရင်း ပါးစပ် အားမနေရအောင် တ၀ါးဝါး တဟားဟား ရယ်နေကြရမည့် အပြင် ဘီရူးမာနှင့် မောင်ပန် ဗြောင်းဆန်အောင် ဆော်ကြမည့် တော်လှန်ရေး တိုက်ပွဲကြီးများကို အသဲ တယားယား ရှုစားကြရမည်။ ဟူ၍ဖြစ်သည်။

ယင်းဇာတ်ကားနှင့် ပတ်သက်၍ ဟံသာဝတီ သတင်းစာကြီးက လွမ်းခွေရစ်သီ၏ ထူးခြား ချက်ကတော့ တစ်ဘာသာ ဆန်းနေသည်။ ယနေ့ မြန်မာရုပ်ရှင် လောကတွင် ပြသနေကြသည့် ဇာတ်လမ်း အဆင်မျိုး အရောင်မျိုး မဟုတ်ဘဲ မူကွဲနေသည်။ လွမ်းခွေရစ်သီတွင် စွန့်စားထားသော အာရုံသစ် တစ်ခုကို မြင်ရပြန်လိမ့်မည်။ မင်းသမီးသစ် ကေတုမတီစိုးစိုးကို ထူးခြားစွာ ပွဲထုတ်လိုက်သည့် အဖြစ် ဆိုနိုင်သည်။ မင်းသား ခင်မောင် သဘာဝ ရုပ်ပြနှင့် ပွင့်သစ်စ မင်းသမီးစိုးစိုး တို့၏ အပြိုင်ကြဲ အနိုင်ကြဲပုံကတော့ လွမ်းခွေ ရစ်သီကို အကောင်းဆုံး ဖန်တီးပေးသလို မြင်ရတော့မည်။ လွမ်းခွေရစ်သီကတော့ ခပ်ကြွားကြွား ခပ်မော်မော် ကလေး ထွက်လာပေသည်ဟု ရေးသား လိုက်မိ၏။ ဟူ၍ ဖြစ်သည်။

ဤဇာတ်လမ်းမှာ ဂျပန်ခေတ်က အဖြစ်အပျက် တစ်ခုကို မူတည်၍ အမျိုးသားရေး လှုပ်ရှား တက်ကြွမှုဖြင့် ပေါင်းစပ်ထားသော ဇာတ်လမ်းမျိုး ဖြစ်၍ ဇာတ်အိမ် ဖန်တီးမှု အကွေ့အကောက် မပါရှိသော ဇာတ်ကား ဖြစ်သလို ဖလင် ကော်ပြားနှင့် ဂျပန်ခေတ် အခြေအနေ အမျိုးသားစိတ် တက်ကြွ လှုပ်ရှားမှုများကို အသံထွက်ခေတ် အပြီးတိုင် ကူးပြောင်းစ အချိန်တွင် အကောင်းဆုံး ထွက်ပေါ် လာသော ဖက်ဆစ်ဂျပန် တော်လှန်ရေးကား တစ်ကား ဖြစ်သည်ကို ကြည့်ရှု မှတ်သား ထားမိ၏။ (လွမ်းခွေရစ်သီ)ကို သရုပ်ဆောင် ဒါရိုက်တာ ခင်မောင်က ခင်မောင်၊ ဘချစ်၊ ကေတု မတီ စိုးစိုး၊ ဒေါ်မြလေး၊ စိန်ဝင်းတို့နှင့် ရိုက်ကူးပြီး ၂၉-၁၂-၅၇ တွင် သွင်ရုံ၌ တင်ဆက်ရာပင် ၆၇၅၈၀ ကျပ်ပြား ၅၀ ရရှိခဲ့သည်။

၁၉၅၈ ခုနှစ်တွင် သူပါဝင်သော ဇာတ်ကား နှစ်ကားရုံ တင်ခဲ့ရာ သက်ရှည်ဖလင် အတွက် သရုပ်ဆောင် ဒါရိုက်တာ သက်ရှည်က ခင်မောင်၊ သီသီ၊ သက်ရှည်တို့နှင့် (မြ၀တီအောင်ဘန်း) ကို ရိုက်ကူးပြီး ၇-၃-၅၈ တွင် ရာဇ်(Ritz) ရုံတွင် ပြသသည်။ သူ နောက်ဆုံး ခေါင်းဆောင်မင်းသား အဖြစ် ပါဝင်ခဲ့သော ဇာတ်ကားမှာ စာဆိုတော် ရုပ်ရှင်မှ ဒါရိုက်တာ စာဆိုတော် သန်းထွန်းက ခင်မောင်၊ မေမြ၊ မြင့်စိုးတို့နှင့် ရိုက်ကူးသွားသော (ချစ်ဝေစု) ပင် ဖြစ်သည်။ ယင်းဇာတ်ကားကို ၂၃-၅-၅၈ တွင် ရွှေဂုန်ရုံမှာ ပြခဲ့၏။

ထိုနောက်ပိုင်းတွင် သူသည် အရေးပါသော ဇာတ်ပို့ အခန်းများ တွင်သာ ပါဝင်သွားရာ ဒါရိုက်တာ သန်းကျော်ဌေးက ထွန်းဝေ၊ ခင်သန်းနု၊ ခင်မောင်ဇင်၊ ဒေါ်မေနွဲ့၊ ခင်မောင်နှင့် (စောမြတ်မွန်) ကို ရိုက်ကူးပြီး ၁၄-၅-၆၅ တွင် နေပြည်တော်၊ ရွှေဂုန်၊ ရွှေမန်းရုံ တို့တွင် ပြသခဲ့၏။ မဟာဗောဓိ ရုပ်ရှင်မှ ဒါရိုက်တာ မောင်မိုးမြင့်က သက်ရှည်၊ တင်တင်အေး၊ အောင်ဆွေ၊ ဦးကျောက်လုံး၊ ခင်မောင် တို့နှင့် (မေတ္တာ လှလှ ပန်းလှလှ) ကို ရိုက်ကူးကာ ၂၄-၁၀-၆၉ တွင် နေပြည်တော်၊ ရွှေမန်း၊ မရိုးဆန်းရုံ တို့မှာ ပြသည်။ ယင်းရုပ်ရှင်မှပင် ဒါရိုက်တာ မောင်မိုးမြင့်က ထွန်းဝေ၊ မြတ်လေး၊ ခင်သန်းနု၊ ခင်မြင့်ကြူ၊ သာဆန်း၊ ခင်မောင်တို့နှင့် (သူတို့ဖို့လဲ ပိုချစ်ပါ) ကို ရိုက် ကူးပြီး ၇-၅-၇၁ တွင် နေပြည်တော်၊ ရွှေမန်း၊ မရိုးဆန်း ရုံတို့မှာ ပြ၏။ (ပြုံးပန်းပွင့်သော်) ကို ဒါရိုက်တာ မောင်စိန်သော်က ရိုက်ကူးပြီး ၁၂-၅-၇၂ တွင် ရှေ့ဆောင်၊ ရွှေမန်း၊ ဘုရင့်နောင်ရုံတို့မှာ ပြခဲ့သော ဇာတ်ကားတွင် တွံတေးသိန်းတန်၊ တင်တင်နွဲ့၊ နွဲ့နွဲ့မူ၊ ခင်မောင်တို့ ပါဝင်သည်။

ဒါရိုက်တာ မောင်မိုးမြင့်က ကျော်ဟိန်း၊ ခင်သန်းနု၊ အောင်ဆွေဦး၊ နွဲ့နွဲ့စန်း၊ ခင်မောင်တို့နှင့် ဖန်တီးပြီး ၁၃-၁၀-၇၂ တွင် ရှေ့ဆောင်၊ တပင်ရွှေထီး၊ ဘုရင့်နောင်ရုံ တို့တွင် ပြသွားသော ကားမှာ (ဖူးစာ တရေးနိုး) ပင်ဖြစ်သည်။ ဒဂုန်ရုပ်ရှင် မှ ဒါရိုက်တာ မောင်မိုးသူက တွံတေးသိန်းတန်၊ တင်တင်ညို၊ မြင့်ဖေ၊ ဂျော်လီဆွေ၊ သွဲ့သွဲ့အေး၊ ခင်မောင်၊ ဒေါ်သိန်း ရှင်တို့နှင့်ရိုက်ကူးပြီး ၁၇-၁၁-၇၂ တွင် နေပြည် တော်၊ရတနာပုံ၊ ရွှေဗဟိုရုံတို့မှာ ပြခဲ့၏။ ယင်းဇာတ် ကားမှာ (မှုန်နံ့သာခြယ်ကာ သပါလို့) ဖြစ်သည်။ စာရေးဆရာ ဒါရိုက်တာ ဦးသုခက လွတ်လပ် ရေးရုပ်ရှင်မှ (ချစ်မုန်းမာန်)အား ကောလိပ်ဂျင် နေ၀င်း၊ တွံတေးသိန်းတန်၊ ခင်သန်းနု၊ ခင်မောင်၊ မေသစ်တို့နှင့် စီစဉ်ကာ၃၀-၃-၇၃ တွင် ရှေ့ဆောင်၊ ဆုထူးပန်၊ တပင်ရွှေထီး၊ ရွှေဗဟိုရုံတို့မှာ ပြသခဲ့သည်။

လျှပ်စစ် ရုပ်ရှင်အတွက် ဒါရိုက်တာ အေ၀မ်း ဦးတင်မောင်က ၀င်းလှိုင်၊ နွဲ့နွဲ့မူ၊ မေသစ်၊ ခင်ခင်ရီ၊ ခင်မောင်၊မန်းလှဖေတို့နှင့် (ရွက်စိမ်း)ကို ဖန်တီးပြီး ၂၁-၃-၇၅တွင် ရှေ့ဆောင်၊ တပင်ရွှေထီး၊ ရွှေဗဟိုရုံတို့မှာ ပြသည်။ မဟာဗောဓိ ရုပ်ရှင်မှ ဒါရိုက်တာ မောင်မိုးမြင့်က ရွှေဘ၊ တင်ညွန့်၊သက်ရှည်၊ နွဲ့နွဲ့ မူ၊ မမိုးဝါ၊ ပပလင်းတို့နှင့် အတူ တွဲဘက် ဇာတ်ပို့ မင်းသားကြီး အဖြစ် ပါဝင် သွားခဲ့ပေသည်။ ယင်း ဇာတ်ကားသည်၂၅-၅-၇၉ တွင် ရှေ့ဆောင်၊ စံပြ၊ ရွှေမန်း၊ရွှေဗဟိုမှာ ပြခဲ့သော (သွေးမှာသတ္တိ ရှိသောကြောင့်) ဖြစ်သည်။

မင်းသား ခင်မောင်(ဦး)ကို အမျိုးသား ရုပ်ရှင် လုပ်ငန်းမှ လက်ဟောင်းနှင့် လက်သစ် ရုပ်ရှင် ကုမ္ပဏီကြီးငယ်များနှင့် ဒါရိုက်တာများက သူ၏ ရိုးသား အနေအေးပြီး လုပ်ဖော်ကိုင်ဘက်တို့ အပေါ် မာန်မာနထားခြင်း၊ ဘ၀င်ကိုင်ခြင်း မရှိသလို အပျော် အပါးလိုက်စားမှု ကင်း၍ သူ့ကို စံပြမင်းသားဟု အသိအမှတ် ပြုခဲ့ကြသလို စူပါ စာရေးဆရာ ဒါရိုက်တာကြီး ဦးသုခက “အကျင့် စာရိတ္တ အကောင်းဆုံးသူကို ရွေးချယ်ပြီး ဆုပေးရရင် ကိုခင်မောင်က လွဲလို့ ဘယ်သူမှ ရမှာ မဟုတ်ဘူး” လို့ ပြောဆိုသလို စူပါ ဒရိုက်တာကြီး အေ၀မ်း ဦးတင်မောင်က “ရုပ်ရှင်နယ်မှာ အကျင့် စာရိတ္တ အဖက်ဖက်က မချို့ယွင်းဘဲ မှတ်တင် ခံနိုင်အောင် စာရိတ္တ မဏ္ဍိုင် ခိုင်လုံသူဟာ ကိုခင်မောင် တစ်ယောက်ထဲပဲ ရှိတယ်” ဟု လူအများကြားတွင် ပြောဆိုလေ့ ရှိသည်ကို မှတ်သားမိ၏။ မင်းသားကြီး ခင်မောင်(ဦး)၏ လက်သုံး ဆောင်ပုဒ်မှာလည်း “လူသာ အသေခံမယ်၊ နာမည် အသေမခံဘူး” ဟူသည့် စကားနှင့် အညီ နေထိုင်ခဲ့သော အနုပညာ ကြယ်ပွင့်ကြီး တစ်ပွင့် ဖြစ်သည်။

ဂျေကြိုင်(မဟာဝိဇ္ဇာ/သမိုင်းအဓိက)

ဘုရားစူးပါ့စေ တကယ့်အဖြစ်လေး

0
အခုတလော သတင်းတွေမှာ ပင်စင်စားတွေ အသံကို ကြားနေရပါတယ်။ တကယ်ကတော့ ပင်စင်ရငွေကို တိုးပေးသင့် တာ အတော်ကြာနေပါပြီ။ မြန်မာပြည်မှာ ငွေတန်ဖိုး အဆမတန် ဖောင်းပွနေတာက တော်တော် ကြာနေပါပြီ။ ငွေတ ရာ၊ ငွေနှစ်ရာ ဆိုတာက ကလေးမုန့်ဖိုးပဲရှိပါတယ်။
ကျမအဖိုးက သွင်းကုန်ထုတ်ကုန်လုပ်ငန်းက ညွန်မှူးရာထူးနဲ့ ၁၉၈၂ လောက်က ပင်စင်ယူခဲ့ပါတယ်။ အဲဒီ အချိန်က အဖိုးရဲ့ ပင်စင်လစာက ၃၀၀ ကျော်လောက်ရတယ်တဲ့။ အဖွားက ပြည်တွင်းအခွန်ကနေ ပင်စင်ယူလိုက်တော့ ပင်စင် လစာ ၂၀၀ နီးပါးရပါတယ်။ အဖိုးနဲ့ အဖွားက ပင်စင်စားတွေအဖြစ် ဘယ်သားသမီးဆီကမှ လက်ဖြန့်စရာ မလိုဘဲ သူ တို့ဖာသာ နေထိုင်စားသောက်နိုင်ပါတယ်။ အဲဒီခေတ်က နေ့စားတယောက်ကို ၃ ကျပ် ၈၅ ပြား ပေးတဲ့ခေတ်ပါ။ သား သမီးတွေက သိတတ်လို့ ကန်တော့ရင်တော့ ငွေပိုငွေလျံအဖြစ် လှူနိုင်တန်းနိုင်ပါတယ်။
ကျမ ဘကြီး ဘဏ်လုပ်ငန်းကနေ ပင်စင်ယူတော့ ၁၉၉၁ ခုနှစ်မှာပါ။ သူရတဲ့ ပင်စင်လစာ ငွေ ၆၀၀ ရာက သုံးမ လောက်တော့ သူ့ဇနီး စုဆောင်းထားတဲ့ ငွေလေးကို အရင်းအနှီးပြုပြီး အတိုးအများကြီးမယူဘဲ နှစ်ဦး နှစ်ဖက် အလုပ် ဖြစ်ယုံ ဈေးသည်တွေကို ငွေတိုးချရသတဲ့။ အဒီအချိန်က ဆန်တပြည်ကို ၂၅ ကျပ်လောက်ဖြစ်နေပါပြီ။ ထမင်းစားချိန်  ဧည့်သည်လာရင် ထမင်းစားခေါ်ဖို့ ဝန်မလေးကြသေးပါဘူး။ ကျမ အဖွား အမြဲပြောပြောနေတတ်တာက ကမ္ဘာမှာ မြန် မာလူမျိုးက ဧည့်ဝတ်ကျေတဲ့ လူမျိုးတွေတဲ့။
ကျမအဖေ ပင်စင်ယူတော့ ၁၉၉၄ ခုနှစ်မှာပါ။ ကျမကျောင်းပြီးတဲ့ နှစ်မှာ အဖေ ပင်စင်ယူလိုက်ပါတယ်။ အဖေ့ ပင်စင်  ငွေ ၆၀၀ ကျပ်နဲ့ ဘယ်လိုမှ မရပ်တည်နိုင်တော့ပါဘူး။ ကျမ လည်းကျူရှင်သင်၊ အဖေ လည်းကျူရှင်သင်တော့မှ ကျောင်းနေဆဲ မောင်နဲ့ ညီမ အဆင်ပြေပါတယ်။ လက်ဖက်ရည် တခွက်ကို ၃ ကျပ်လောက် ဖြစ်နေပြီဆိုတော့ လက် ဖက်ရည် အရမ်းကြိုက်တဲ့ ကျမ အမေ လက်ဖက်ရည်လျော့သောက်နေရပါပြီ။
၁၉၉၅ ကနေ ၂၀၀၁ အထိ ကျမက နိုင်ငံရေးအကျဉ်းသား အဖြစ်ထောင်ထဲမှာ ရှိနေစဉ် ၁၉၉၆ မှာ ကျမ အဖေဆုံးပါး သွားပါတယ်။ ဆက်လက်ခံစားပိုင်ခွင့်အဖြစ် ကျမ အမေက လစဉ် ငွေ ၃၀၀ ကျပ် ရရှိပါတယ်။ အမေကံကောင်းတာက ကျမရဲ့မောင်ရော၊ ညီမရော၊ အမကပါ၊ တဦးတည်း ကျန်သောမိခင်ကို စောင့်ရှောက်ကြလေတော့ အမေ မျက်နှာ မ ငယ်ရပေမဲ့၊ အကယ်၍ အဖေ့ ပင်စင်ငွေ ၃၀၀ ကျပ်နဲ့သာ အမေရပ်တည်ရမယ်ဆိုရင် ဘယ်လိုမှ ရပ်တည်နိုင်မှာ မ ဟုတ်ပါဘူး။ ဆန်တပြည်ကို ၅၀ ကျပ်နဲ့ ၆၀ ကျပ် ကြားထဲမှာ ရှိပါတယ်။ ကက အငှားယာဉ်တွေပေါ်ကာစဖြစ်လို့ ခရီး စနဲ့ ခရီးဆုံးကို ငွေ၂၀၀ ကျပ် ကျသင့်တဲ့အချိန်ပါ။
၂၀၀၃ မှာ ကျမ အမေဆုံးတော့ အမေမထုတ်ဖြစ်တဲ့ ပင်စင်လစာ ၆ လစာ ကျန်ခဲ့ပါတယ်။ တကယ်လို့သွားထုတ်မယ် ဆိုရင် ထောက်ခံစာ ယူရမယ်၊ သေစာရင်း အိမ်ထောင်စုစာရင်း ဘာညာလိုအပ်တာတွေနဲ့ မကာမိလို့  ကျမတို့ ညီအမ တွေလဲ ဒီအတိုင်းပဲ ထားလိုက်ပါတယ်။ အဲဒါက ကျမတို့ မိသားစု ရင်ဆိုင်ဘူးတဲ့ ပင်စင်စား ဘဝတွေပါ။ အဲဒီ အချိန် ရောက်တော့ ဆန်တပြည်တောင် ၅၀၀ ကျော်လောက်ရှိပါတယ်။ အမေရတဲ့ ငွေ ၃၀၀ ဟာ ကလေးမုန့်ဖိုးသာသာ ပါ ပဲ။
၂၀၀၈ ခုနှစ် ကျမတို့ မိသားစုလိုက် မြောက်ဒဂုံဘက်ကို ပြောင်းရွေ့ နေထိုင်ခဲ့ ရပါတယ်။ မန္တလေး လမ်းဈေးမှာ ကျမ ကြုံခဲ့ဘူးတဲ့ အကြောင်း ပြောပြချင်မိလို့ပါ။ မန္တလေးလမ်းထိပ်မှာ မနက် ၉ နာရီနဲ့ ၁၀ နာရီ ကြားဆိုရင် အသားခပ်လတ် လတ် အဝတ်အစားနွမ်းပါးပေမဲ့ သန့်သန့်ရှင်းရှင်းနဲ့ အဖွားကြီးတယောက် ဒန်ဖလား ပြောင်ပြောင်လေး ရှေ့ချပြီး ထိုင် နေလေ့ ရှိပါတယ်။ တခြားတောင်းစားသူတွေလို တဂျီဂျီနဲ့ တောင်းတာမျိုးမဟုတ်ဘဲ ငြိမ်ငြိမ်သက်သက် ထိုင်နေတာပါ။ ၁၀ နာရီကျော်လာရင် စစ်ကိုင်းလမ်းမှာရှိတဲ့ ကျမရဲ့ဆိုင်ဘက်ကို အမြဲလမ်းလျောက် လာတတ်ပါတယ်။ တခါကတော့ ကျမဆိုင်ထဲ ဝင်လာပြီး မုန့်ဟင်းခါး ၂၀၀ ဖိုး ရောင်းပါလို့ သူက ပြောပါတယ်။ ကျမဆိုင်က အလုပ်သမားတွေက တပွဲ ၃၀၀ ရောင်းလို့ ၂၀၀ ဖိုးဆိုရင် မရောင်းရဲဘူးလို့ ပြောပါတယ်။ ကျမ ဈေးကပြန်လာတာနဲ့တိုးလို့ ကျမက ရောင်းပေး လိုက်ပါပြောမှ ဆိုင်က ကလေးတွေက ရောင်းပေးလိုက်ပါတယ်။
သူက မုန့်ဟင်းဖတ် မပါလဲရတယ်၊ မုန့်ဟင်းရည် ပိုထဲ့ပါလို့ ပြောပါတယ်။ ကျမက အဲဒီ အဖွားကြီးကို စိတ်ဝင်စား နေ တာ ကြာပြီမို့လို့ အဖွားခဏ ထိုင်ပါလို့ ပြောပြီး မေးလိုက်ပါတယ် “အဖွားက အိမ်မှာ ထမင်းနဲ့စားမလို့လား” ဆိုတော့ အဖွားကြီးက ခေါင်းညိတ် အဖြေပေးပါတယ်။ ကျမကလဲ စိတ်ထဲမှာ အလှူလုပ်ချင်စိတ် ပေါ်လာလို့ ဒီမှာ အဝစားသွား ပါလားလို့ ပြောလိုက်ပါတယ်။ အဖွားက ခေါင်းခါ ငြင်းဆန်ပြီး အိမ်မှာအဖိုးကြီး ဆာနေလိမ့်မယ်တဲ့။ ကျမလဲ ဆိုင်က ကောင်မလေးတွေကို ပိုထည့်ခိုင်းလိုက်ပါတယ်။ အဲဒီ တုန်းက ဆန်တပြည်ကို အညံ့ဆုံး ဆိုရင်တောင် ၉၀၀ လောက် ပေးရပါတယ်။
တရက်မှာတော့ အဖွားကြီးက သူဗိုက်ဆာလွန်းလို့ မုန့်ဟင်းခါး အကြွေးရောင်းဖို့ ပြောပါတယ်။ ကျမလဲ သနားလို့ သူ့ ကို ထည့်ပေးလိုက်ပါတယ်။ ပိုက်ဆံ ပြန်ရဖို့ ကျမ မမျော်လင့်ပါဘူး။ ဒါပေမဲ့ နောက်နေ့မှာ သူက ရာတန်အနွမ်းလေး ၂ ရွက် လာပေးပါတယ်။ ကျမက ပြန်လှူလိုက်လို့ ကျမကို ဆုတွေ တသီချည်းပေးပါတယ်။ လူတော်တော် များများက အ ကြွေးယူသွားရင်တောင်းမှ ပေးပါတယ်။ အဲဒီလို လူမျိုးထဲ အဖွားမပါ ပါဘူး။
သူ့ကို ကျမနေ့တိုင်းတွေ့ပါတယ်။ ကျမဆီမှာ သူဘယ်တော့မှ အလကားမစားပါဘူး။ ၂၀၀ ကျပ်တော့ သူက ပေးပါ တယ်၊ ကျမဆိုင်မှာ ရပ်ကွက်လူကြီးနဲ့ သူ့ကတော်က မကြာခဏ အလကားအားပေးပေမဲ့ အဖွားကတော့ ငွေ ၂၀၀ ကျပ်ကို ပေးသွားတတ်ပါတယ်။
ကျမရဲ့ ဆိုင်နားမှာဘပဲ အသက် ၇၆ နှစ် ရှိနေပြီဖြစ်တဲ့ တပ်မတော်က အနားယူထားတဲ့ အဖိုးကြီးလဲ ရှိပါတယ်။ သူက ပါလီမန်ဒီမိုကရေစီ ခေတ်ကိုလဲ မှီတဲ့လူပါ။ ဗေဒင်ဟောစားပါတယ်။ အဖိုးက သွေးတိုးကြောက်လို့ မုန့်ဟင်းခါးမစားပါ ဘူး၊ သက်ကြီးရွယ်အိုဆိုတော့ ရေနွေးလိုချင်လို့ လာဝယ်တာပါ။ ကျမက ရေနွေး အလကားပေးနေကြပါ။ အဖိုးက ကိုယ်ချင်းစာ စကားပြောရှာပါတယ်။ ညီး လောင်စာဖိုး ကုန်မှာပေါ့တဲ့။ အဖိုးမှာ သားတယောက် ရှိတယ်တဲ့။ သူ့သားက တလကို ငွေ ၂ သောင်း ထောက်ပံတယ်တဲ့။ အဖိုးက သူ့ပိုင်တဲ့အိမ်ကို တခြမ်းခြမ်းပြီး ငှားထားတယ်တဲ့။ အဲဒီကနေ တလကို ငွေ ၂ သောင်းရတယ်။ ဗေဒင်ဟောတာက သိပ်များများစားစား မရပါဘူး။
အဖိုးက နေမကောင်းရင် ဆေးခန်းမပြဘူး။ ကွမ်းယာဆိုင်မှာရောင်းတဲ့ ဆေးတွဲပဲ ဝယ်သောက်တယ်။ ကျမ ကွမ်းယာ ဆိုင်မှာ မုန့်သွားတယ်တုန်း အဖိုးနဲ့တွေ့တော့ ကျမက အဖိုးနေမကောင်းဘူးလား လို့မေးလိုက်တော့ အဖိုးက သွေးတိုး နေလို့တဲ့၊ ကျမက ဆေးခန်းပြပါလားလို့ပြောတော့ အဖိုးက “ဆေးခန်းတခါ သွားရင် ငွေ ၁၅၀၀၊၂၀၀၀ လောက် ကုန် တာ သမီးရဲ့ သွေးတိုးတိုင်း ဆေးခန်းပြေးရရင်  အဖိုး ထမင်းတောင် စားရမှာ မဟုတ်ဘူးတဲ့။ ပင်စင်စားတွေရဲ့ ဘဝ ဟာ အတော်ကို အောက်ကျနောက်ကျ နိုင်ကြပါတယ်။ တယောက်ထဲနေတဲ့ အဖိုးက ထမင်းလခ တလကို ၂ သောင်း ၅ ထောင် ပေးနေရပါတယ်။ ချွေတာတဲ့ အနေနဲ့ နေ့တိုင်းလက်ဖက်ရည် မသောက်ဘဲ တထုပ် ၇၅ ကျပ်တန် ကော်ဖီမစ် ကိုပဲ အိမ်မှာ ဝယ်သောက်ပါတယ်။  လက်ဖက်ရည် တခွက်ကို ၂၅၀-၃၀၀ လောက်ပေးရပါတယ်။
ဒီလိုနဲ့ ကျမဟာ အမြဲတန်း ဂရုစိုက်နေမိတဲ့ လူ ၂ ယောက် ရှိလာခဲ့ပါတယ်။ အခုတလော ကျမဆိုင်ရှေ့က အဖွားဖြတ် မသွားတာ သတိပြု နေမိပါတယ်။ ကျမ ရင်ထဲမှာ စိတ်ပူနေမိတာ အမှန်ပါဘဲ။ ဒီလိုနဲ့ အဲဒီရက်တွေ အတွင်းမှာပဲ  ကျမ ရဲ့ ကိစ္စတခုရှိလို့ တောင်ဒဂုံဘက်ကို သွားရပါတယ်။ အတော် တိုက်ဆိုင်တယ်လို့ပြော ရမှာပါ။ ကျမသွားတဲ့ လမ်းထဲ က တဲအိမ်တလုံးရဲ့ အိမ်ရှေ့ မျက်နှာစာမှာ ထိုင်နေတဲ့ အဖွားကိုတွေ့ပါတယ်။ ကျမ ထိတ်ကနဲ ဝမ်းသာသွားပါတယ်။ ဒါကြောင့် အဲဒီ ရပ်ကွက်ထဲက အမကို မေးလိုက်မိပါတယ်။
အမက ညီမ… ဖွားမိနဲ့ သိလားတဲ့၊ ကျမက သိတယ်လို့ ပြောတော့ အမက “ဖွားမိက သနားဖို့ကောင်းတယ်တဲ့၊ သူ့ ယောက်ကျားက တောကျောင်းဆရာ၊ သူတို့ခေတ်က ၇ တန်းအောင်ရင် တောပိုင်းမှာ မူလတန်းဆရာလုပ်လို့ ရတယ်လေ။  ပင်စင်စားကြီးပေါ့၊  သားထောက်သမီးခံလဲမရှိဘူး၊ ဖွားမိက ပညာမတတ် ရှာဘူး။ သူ့ခင်ပွန်းကိုပဲ မှီခိုနေရတာ။ အဖိုးကြီး  အိပ်ရာထဲ လဲနေတာ၂ နှစ် နီးပါးကြာနေပြီ။ ပင်စင်လခတွေက မလောက်မငှဆိုတော့ နေကောင်းနေတုန်း ကဆိုရင်  အဖိုးဂျာနယ်လေးဘာလေး ရောင်းတယ်လေ။ အခုတော့ ဖွားမိဘဲ လုပ်ကိုင်ကျွေးမွေး နေရတာတဲ့၊ အသက် ကြီးမှ ပင်ပင်ပန်းပန်း လုပ်နေရတယ်တဲ့။ အဲဒီ အမက ဖွားမိလုပ်တဲ့ အလုပ်ကို သေချာသိပုံမရလို့ ကျမလဲ ပြောမပြခဲ့ ပါဘူး။
ကျမ ပြန်ခါနီးတော့ ဖွားမိအိမ်ကို ဝင်လိုက်ပါတယ်။ အိမ်လေးက ယိုင်ယိုင်နဲ့နဲ့လေးပါ။ အိမ်မိုးထားတဲ့ ဓနိတွေလဲ ပေါက် ပြဲ နေပါတယ်။ ထရံတွေလဲ ဆွေးမြေ့ နေပါတယ်။ အိမ်မှ တကဲ့ကို အိမ်ဖြစ်တယ်ဆိုရုံလေးပါပဲ။  အဖွား ဘာဖြစ်လို့ ဆိုင်ဘက်  မလာတာလဲလို့ ကျမက မေးတော့ အဖွားက “နေမကောင်းဘူး သမီးရယ်တဲ့၊ ကျမ အိမ်ထဲကို လှမ်းကြည့် လိုက်တော့ အိမ်ထဲက အိပ်ယာလေးပေါ်မှာ ပိန်ပိန်လှီလှီ အဖိုးတယောက် အိပ်နေပါတယ်။ ကျမ အိမ်ထဲကို လှမ်း ကြည့်တာကို အဖွားက သိသွားတော့ “အဲဒါ အိမ်သားလေ၊ သူနေမကောင်းတာ ကြာပြီ၊ အရင်ကတော့ ဆေးခန်းမှန် မှန်သွားနိုင်တယ် အခုတော့ ဆရာဝန် မပြနိုင်တာတောင် ကြာသွားပြီ” တဲ့ ။ ကျမက ဘာရောဂါလဲမေးတော့ ကျောင်း ဆရာ ဘဝတုန်းက ရှူခဲ့ရတဲ့ မြေဖြူမှုန့်တွေကြောင့်ရော၊ ဂျာနယ်ရောင်းတုန်းက မနက်စောစောထ ဂျာနယ်တိုက်မှာ ဂျာနယ်သွားယူရတော့ ပင်ပန်းတာတွေရော ပေါင်းသွားတာပေါ့လေ။ သွေးတိုး၊နုလုံး၊ ရင်ကျပ်၊  အို…အစုံဘဲ။ ပိုက်ဆံ ချမ်းသာရင်တော့ သက်သက်သာသာ နေနိုင်မှာပေါ့။ အင်း အခုတော့ သူလဲ ခံစားရတာမသက်သာ၊ အဖွားလဲ သူ့ကို မြင်ရတာ မသက်သာဘူး သမီးရယ်တဲ့။
ကျမ လည်း တတ်နိုင်သလောက် ငွေလေးကို အဖွားလက်ထဲ ထည့်ပေးတော့ အဖွားမျက်လုံးမှာ မျက်ရည်တွေ ဝဲနေပါ တယ်။ ကျမလဲ ချမ်းသာတာ မဟုတ်လေတော့ အများကြီး မပေးနိုင်ပေမဲ့ ကျမ မိဘတွေသာဆိုရင် ဆိုတဲ့ အတွေး ကြောင့် ကျမ ပေးခဲ့မိပါတယ်။ ဒီငွေဟာ သူ့တို့အတွက် တညနေစာ အဟာရကိုသုံးဆောင်နိုင်မယ်လို့ ကျမ ထင်မိပါ တယ်။ ဒါဆို ကျမ အိုမင်းလို့ မစွမ်းနိုင်သူတွေကို လှူရကျိုးနပ်ပါတယ်။ လက်ဖက်ရည်ဖိုးကိုတော့ လျော့ရမှာပေါ့။ ကျမ လဖက်ရည် မသောက်ရတာက ပြဿနာတခု မဟုတ်ဘူးလေ။
အခုတော့ ကျမရဲ့ အဖိုးနဲ့ အဖွားလဲ ပင်စင်လခနဲ့ အသက်ရှင်ဖို့ မဖြစ်နိုင်တဲ့ အခါမှာ သားသမီး မြေးမြစ်တွေကို မှီခို နေ ရပါတယ်။ တခါတလေတော့ သားသမီး မြေးမြစ်တွေနဲ့ တစုံတရာ သဘောထားကွဲလွဲခဲ့ရင် ကိုယ့်အခန်းထဲမှာ ကိုယ့်ဖာ သာပဲ ဝမ်းနည်းနေကြရတဲ့ အိုမင်းမစွမ်းတွေ ဖြစ်နေပါပြီ။ ငယ်ဘဝ အတွေ့အကြုံတွေကို စားမြုံပြန်ရင်း ရသေ့ စိတ်ဖြေ နေကြရတဲ့  ဘဝတွေပါ။
ကျမရဲ့ ဘကြီးတွေ ကြီးဒေါ်တွေလည်း ကိုယ်ဖာသာကိုယ် မရပ်တည်နိုင်ကြတော့ သားသမီး မြေးမြစ်တွေကိုပဲ အား ကိုး နေကြပါတယ်။ ကျမရဲ့ ကြီးဒေါ်ကပြောပါတယ် “ အသက်ရှည်တယ်ဆိုတာ လူတွေ လိုချင် တမ်းတ တဲ့ အရာဖြစ် ပေမဲ့ မြန်မာပြည်က အသက်ကြီးရွယ်အိုတွေ ဆိုတာက ဝဋ်ဒုက္ခကြီးတဲ့ လူတွေပဲ ဖြစ်ရမယ်တဲ့လေ။ ကိုယ်တိုင်လဲ မ ချမ်းသာ၊ သားသမီးမြေးမြစ်တွေကိုလည်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေပါတယ်။
ကြီးဒေါ်ရဲ့ အယူအဆ အတိုင်းဆိုရင်တော့ အသက် ၅၈ နှစ်နဲ့ လူ့လောက ကိုကျောခိုင်းခဲ့တဲ့ ကျမရဲ့ အဖေနဲ့အမေ က ဝဋ်ဒုက္ခနည်းသူတွေများလား ဆိုတဲ့အတွေးနဲ့ ကျမရင်ထဲမှာ မတင်မကျ ခံစားရပါတယ်။

ခင်ငြိမ်းသစ်
 
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းဝေးကြပါစေ။အထင်သေးခြင်း အချင်းချင်း ကင်းရှင်းကြပါစေ။အမြင့်ရောက်လို့ အမြင်ကျယ်တာထက် အမြင်ကျယ်လို့ အမြင့်ရောက်တာက ပိုကောင်းပါတယ်။